sunnuntai 23. lokakuuta 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၈ )

ဤအကြောင်းအရာနှင့်ပတ်သက်၍ စဉ်းစားပုံကား ဤသို့ ဤသို့ စသဖြင့် စသဖြင့် ဖြစ်ပါ၏။  သုမိတ္တာအမျိုးသမီးလေး ပါရမီစခန်းခရီးကြမ်းကြီးအတွက် ဤသို့ဤနှယ် ပါဝင်လာခြင်းသည်
အကြောင်းမဲ့သက်သက်မဖြစ်တန်ရာ၊ထို့ပြင် သုမေဓာရှင်ရသေ့အနေဖြင့် သုမိတ္တာအားပါရမီဖြည့်ဘက်အဖြစ် လက်ခံလိုက်ခြင်းသည်လည်း အကြောင်းတရားမကင်းတန်ရာ။ အထူးသဖြင့် ဒီပင်္ကရာဘုရားရှင်
ပေးသောဗျာဒိတ်သည် အလွန်တရာခိုင်မာပြတ်သားလှချေ၏။ မလွဲနိုင်သော  တိကျခြင်းမျိုးဖြင့် တိကျမှန်ကန်လှ၏။ သို့ဖြစ်၍ ထိုဗျာဒိတ်သည်လည်း အတိတ်အကြောင်းမကင်းနိုင်ချေ။ ထိုအကြောင်းတရားသည်လည်း အလွန်အားကြီးသော အကြောင်းတရားသာ ဖြစ်ပေလိမ့်မည်။ အတိတ်ဘဝများစွာမှ များပြားလှသည့် ချခဲ့ဖူးသောရေစက် ပန္နက်ခဲ့ဖူးသောသစ္စာ များကြောင့်သာ သုမိတ္တာလည်း ပါရမီဖြည့်ဘက်အနေဖြင့်ပါဝင်သလို သုမေဓာကလဲ လက်ခံခြင်းဖြစ်ပေလိမ့်မည်။ ဒီပင်္ကရာဘုရားရှင်ကလည်း အစုံတွဲ၍ ဗျာဒိတ်ပေးတော်မူခြင်းဖြစ်ပေလိမ့်မည် ဟုစဉ်းစားမိ၏။ ထို့ပြင် ကမ္မနိယာမကို ယုတ္တိဗေဒကျအောင် စဉ်းစားပြန်သောအခါတွင်လည်း အလွန်တရာခက်ခဲကြမ်းတမ်းသော ပါရမီအဆန်ခရီးလမ်းကို အလွန်ပြင်းထန် ခိုင်မာသော စိတ်ဆန္ဒရှိသူတို့သာအတူစုံတွဲ၍
လျှောက်လှမ်းနိုင်မည်ဖြစ်ရာ ယခုဘဝတစ်ခဏလေးမျှတွင်သာတွေ့လိုက်ရ မြင်လိုက်ရခြင်းဖြစ်ပါက သူတို့နှစ်ဦးအဖို့ ဤမျှဝေးကွာ ကြာညောင်းလှသော လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းခရီးကို အတူတွဲ၍ ပါရမီဖြည့်နိုင်မည်မဟုတ်ပါချေ။ အမှန်စင်စစ် ရှေးရှေးဘဝဘဝများစွာက အတူယှဉ်တွဲ၍
ချစ်ခင်စွာနေထိုင်ခဲ့ကြခြင်းကြောင့်သာလျှင် ပါရမီအဆန်ခရီးကို မညီးမညူ အတူတွဲ၍လျှောက်လှမ်းဖို့ ဆုံးဖြတ်ရဲခြင်းဖြစ်ပေမည်။ ထို့ပြင်သူတို့၏ ဗျာဒိတ်ခံယူရာ ပစ္စုပ္ပန်ဘဝကို ကြည့်ပြန်လျှင်လည်း သုမေဓာသည် သတင်းကြီးသော သူဌေးသားဖြစ်သောကြောင့် သူ၏အရည်အချင်းနှင့်  ကိုယ်ကျင့်တရားကို တစ်မြို့တည်းသူလည်းဖြစ် အမျိုးဇာတ်လည်းတူကာ အရည်အသွေးပြည့်ဝလှသော သုမေဓာအမျိုးသမီးလေးက ယုံကြည်ထိုက်လောက်အောင် ဂဃနဏ သိပြီးဖြစ်ပေလိမ့်မည်။
 ဤအကြောင်းအရာနှင့်ပတ်သက်၍ မိမိသည်တိတိကျသိချင်လှသောကြောင့် တတ်သိနားလည်သော သူများကိုလဲမေး၏။ ဆွေးနွေးသင့်သူများကိုလဲ ဆွေးနွေး၏။ ထိုသို့ ဆွေးနွေးမေးမြန်းခဲ့ရသဖြင့်သာ မိမိ၏အတွေးစတို့သည်လည်း ပိုမို၍ ရဲရင့်လာခဲ့ပါ၏။ ရေးအားလည်းတက်ခဲ့ပါ၏။ အထူးသဖြင့် ပါရမီနှင့်စစ်မှန်သောချစ်မေတ္တာသည် ကင်းကွာ၍မရစကောင်းသော သဘောတရားနှစ်ခုဖြစ်၏ ဟုလည်း မိမိထင်မြင် ယူဆ သဘောပေါက်မိ၏။ အမှန်စင်စစ် အချစ်စစ် သို့မဟုတ် ချစ်မေတ္တာမရှိပါက အတူတွဲ၍ ပါရမီလည်းဖြည့်၍မရသလို ပါရမီဖြည့်ဘက်အဖြစ် အနေနှင့်လည်း ပူးတွဲကာ ပါဝင်နိုင်မည်မဟုတ်ဟု မိမိယုံကြည်ယူဆမိတော့၏။ မှန်၏။ သူတို့နှစ်ဦး၏ အပြန်အလှန်ထားရှိသော အချစ်စစ် သို့မဟုတ် ချစ်မေတ္တာသည် တွဲဘက်၍
ပါရမီဖြည့်ဘို့အရေး ကြီးမားလှသောစွမ်းအင်ဖြစ်၏ ဟုလည်းနားလည်မိ၏။ ဟုတ်၏ မှန်၏ ဟုထပ်၍ဆိုချင်၏။ အကြောင်းကား အပြန်အလှန်ယုံကြည်မှု စာနာမှု နားလည်မှု ကြင်နာမှု ဖေးမမှု ပြုစုစောင်မမှုဟူသော ချစ်မေတ္တာမရှိပါက ပါရမီမဆိုထားနှင့်၊ လောက၏ သာမာန်လုပ်ငန်း သာမာန်နယ်ပယ်၌ပင် ပြုလုပ် အောင်မြင်နိုင်ဘွယ်မရှိချေ။ အလွန်တရာမြင့်မြတ်ကြီးကျယ် ခမ်းနားလှသောပါရမီလုပ်ငန်းကြီးကိုလုပ်ရာဝယ် ထိုမျှဤမျှ စစ်မှန် ကြီးမားလှသော ချစ်မေတ္တာမပါ မရှိလျှင် မည်သို့လျှင်အတူတွဲ၍ ပါရမီဖြည့်နိုင်ပါတော့မည်နည်း။ ပါရမီဖြည့်ကြမည့်သူတို့ နှစ်ဦးနှစ်ဘက် အပြန်အလှန် ချစ်မေတ္တာရှိမှသာလျှင် လောကကောင်းကျိုးအတွက် အတူတွဲ၍ အရာရာကို စွန့်လွှတ်အနစ်နာခံကာ ပါရမီလုပ်ငန်းကို အဟုတ်တမ်း ကြိုးပမ်းနိုင်ကြပေမည်။ ထို့ကြောင့် အတူတွဲ၍ ပါရမီဖြည့်ဘို့အရေးဝယ်  ထိုပါရမီနှင့်ချစ်မေတ္တာနှစ်ခုတွင် ချစ်မေတ္တာသည် မူလ အစ ပထမ ဖြစ်သည် ဟု မှတ်ယူ
ထင်မြင်သုံးသပ်မိ၏။( မှတ်ချက်။ ဘုရားအလောင်းတော်၏ မဟာကရုဏာတော်ကြောင့် ဘုရားဖြစ်ဘို့ရန်စိတ်ထက်သန်တော်မူပုံနှင့် သုမေဓာနှင့် သုမိတ္တာတို့နှစ်ဦး၏ ချစ်မေတ္တာကြောင့် အတူတွဲ၍ ပါရမီ ဖြည့်နိုင်ပုံကိုမရောထွေးစေချင်ပါ။ မရောထွေးသင့်။ ဤစကား ဤစာနှင့်ပတ်၍ မရှင်းပါက မေးနိုင်ပါသည်။ ) သို့ဖြစ်၍ အရင်းခံစစ်မှန်သော ချစ်မေတ္တာကြောင့်ပင် ပါရမီလုပ်ငန်းကို အဟုတ်တမ်းတွဲ၍ ဖြည့်နိုင်ခဲ့ကြသည်ဟု မိမိယုံကြည်နားလည်မိပါ၏။ မှန်၏။ အချစ်သည် သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက နိဗ္ဗာန်ထိပို့ဆောင်ပေးနိုင်ကြောင်းပဋ္ဌာန်းတရားတော်တွင်လည်းတိုက်ရိုက်လာပါ၏။ ထို့ပြင် သုမိတ္တာအမျိုးသမီးလေး၏ သုမေဓာရှင်ရသေ့ပေါ် ချစ်မေတ္တာဖြင့်အရာရာကို ကျေနပ်ကြည်နူးစွာ ဖြည့်ဆည်းပေးနိုင်ဘို့အရေး ပါရမီဖြည့်ဘက်အဖြစ်ဖြင့်ပါဝင်လာနိုင်ခြင်း၏ အကြောင်းကိုလည်း ယသောဓရာထေရီပါဒါန်တွင် ဤသို့ဆိုပါ၏။

Ei kommentteja:

Lähetä kommentti