sunnuntai 23. lokakuuta 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၈ )

ဤအကြောင်းအရာနှင့်ပတ်သက်၍ စဉ်းစားပုံကား ဤသို့ ဤသို့ စသဖြင့် စသဖြင့် ဖြစ်ပါ၏။  သုမိတ္တာအမျိုးသမီးလေး ပါရမီစခန်းခရီးကြမ်းကြီးအတွက် ဤသို့ဤနှယ် ပါဝင်လာခြင်းသည်
အကြောင်းမဲ့သက်သက်မဖြစ်တန်ရာ၊ထို့ပြင် သုမေဓာရှင်ရသေ့အနေဖြင့် သုမိတ္တာအားပါရမီဖြည့်ဘက်အဖြစ် လက်ခံလိုက်ခြင်းသည်လည်း အကြောင်းတရားမကင်းတန်ရာ။ အထူးသဖြင့် ဒီပင်္ကရာဘုရားရှင်
ပေးသောဗျာဒိတ်သည် အလွန်တရာခိုင်မာပြတ်သားလှချေ၏။ မလွဲနိုင်သော  တိကျခြင်းမျိုးဖြင့် တိကျမှန်ကန်လှ၏။ သို့ဖြစ်၍ ထိုဗျာဒိတ်သည်လည်း အတိတ်အကြောင်းမကင်းနိုင်ချေ။ ထိုအကြောင်းတရားသည်လည်း အလွန်အားကြီးသော အကြောင်းတရားသာ ဖြစ်ပေလိမ့်မည်။ အတိတ်ဘဝများစွာမှ များပြားလှသည့် ချခဲ့ဖူးသောရေစက် ပန္နက်ခဲ့ဖူးသောသစ္စာ များကြောင့်သာ သုမိတ္တာလည်း ပါရမီဖြည့်ဘက်အနေဖြင့်ပါဝင်သလို သုမေဓာကလဲ လက်ခံခြင်းဖြစ်ပေလိမ့်မည်။ ဒီပင်္ကရာဘုရားရှင်ကလည်း အစုံတွဲ၍ ဗျာဒိတ်ပေးတော်မူခြင်းဖြစ်ပေလိမ့်မည် ဟုစဉ်းစားမိ၏။ ထို့ပြင် ကမ္မနိယာမကို ယုတ္တိဗေဒကျအောင် စဉ်းစားပြန်သောအခါတွင်လည်း အလွန်တရာခက်ခဲကြမ်းတမ်းသော ပါရမီအဆန်ခရီးလမ်းကို အလွန်ပြင်းထန် ခိုင်မာသော စိတ်ဆန္ဒရှိသူတို့သာအတူစုံတွဲ၍
လျှောက်လှမ်းနိုင်မည်ဖြစ်ရာ ယခုဘဝတစ်ခဏလေးမျှတွင်သာတွေ့လိုက်ရ မြင်လိုက်ရခြင်းဖြစ်ပါက သူတို့နှစ်ဦးအဖို့ ဤမျှဝေးကွာ ကြာညောင်းလှသော လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းခရီးကို အတူတွဲ၍ ပါရမီဖြည့်နိုင်မည်မဟုတ်ပါချေ။ အမှန်စင်စစ် ရှေးရှေးဘဝဘဝများစွာက အတူယှဉ်တွဲ၍
ချစ်ခင်စွာနေထိုင်ခဲ့ကြခြင်းကြောင့်သာလျှင် ပါရမီအဆန်ခရီးကို မညီးမညူ အတူတွဲ၍လျှောက်လှမ်းဖို့ ဆုံးဖြတ်ရဲခြင်းဖြစ်ပေမည်။ ထို့ပြင်သူတို့၏ ဗျာဒိတ်ခံယူရာ ပစ္စုပ္ပန်ဘဝကို ကြည့်ပြန်လျှင်လည်း သုမေဓာသည် သတင်းကြီးသော သူဌေးသားဖြစ်သောကြောင့် သူ၏အရည်အချင်းနှင့်  ကိုယ်ကျင့်တရားကို တစ်မြို့တည်းသူလည်းဖြစ် အမျိုးဇာတ်လည်းတူကာ အရည်အသွေးပြည့်ဝလှသော သုမေဓာအမျိုးသမီးလေးက ယုံကြည်ထိုက်လောက်အောင် ဂဃနဏ သိပြီးဖြစ်ပေလိမ့်မည်။
 ဤအကြောင်းအရာနှင့်ပတ်သက်၍ မိမိသည်တိတိကျသိချင်လှသောကြောင့် တတ်သိနားလည်သော သူများကိုလဲမေး၏။ ဆွေးနွေးသင့်သူများကိုလဲ ဆွေးနွေး၏။ ထိုသို့ ဆွေးနွေးမေးမြန်းခဲ့ရသဖြင့်သာ မိမိ၏အတွေးစတို့သည်လည်း ပိုမို၍ ရဲရင့်လာခဲ့ပါ၏။ ရေးအားလည်းတက်ခဲ့ပါ၏။ အထူးသဖြင့် ပါရမီနှင့်စစ်မှန်သောချစ်မေတ္တာသည် ကင်းကွာ၍မရစကောင်းသော သဘောတရားနှစ်ခုဖြစ်၏ ဟုလည်း မိမိထင်မြင် ယူဆ သဘောပေါက်မိ၏။ အမှန်စင်စစ် အချစ်စစ် သို့မဟုတ် ချစ်မေတ္တာမရှိပါက အတူတွဲ၍ ပါရမီလည်းဖြည့်၍မရသလို ပါရမီဖြည့်ဘက်အဖြစ် အနေနှင့်လည်း ပူးတွဲကာ ပါဝင်နိုင်မည်မဟုတ်ဟု မိမိယုံကြည်ယူဆမိတော့၏။ မှန်၏။ သူတို့နှစ်ဦး၏ အပြန်အလှန်ထားရှိသော အချစ်စစ် သို့မဟုတ် ချစ်မေတ္တာသည် တွဲဘက်၍
ပါရမီဖြည့်ဘို့အရေး ကြီးမားလှသောစွမ်းအင်ဖြစ်၏ ဟုလည်းနားလည်မိ၏။ ဟုတ်၏ မှန်၏ ဟုထပ်၍ဆိုချင်၏။ အကြောင်းကား အပြန်အလှန်ယုံကြည်မှု စာနာမှု နားလည်မှု ကြင်နာမှု ဖေးမမှု ပြုစုစောင်မမှုဟူသော ချစ်မေတ္တာမရှိပါက ပါရမီမဆိုထားနှင့်၊ လောက၏ သာမာန်လုပ်ငန်း သာမာန်နယ်ပယ်၌ပင် ပြုလုပ် အောင်မြင်နိုင်ဘွယ်မရှိချေ။ အလွန်တရာမြင့်မြတ်ကြီးကျယ် ခမ်းနားလှသောပါရမီလုပ်ငန်းကြီးကိုလုပ်ရာဝယ် ထိုမျှဤမျှ စစ်မှန် ကြီးမားလှသော ချစ်မေတ္တာမပါ မရှိလျှင် မည်သို့လျှင်အတူတွဲ၍ ပါရမီဖြည့်နိုင်ပါတော့မည်နည်း။ ပါရမီဖြည့်ကြမည့်သူတို့ နှစ်ဦးနှစ်ဘက် အပြန်အလှန် ချစ်မေတ္တာရှိမှသာလျှင် လောကကောင်းကျိုးအတွက် အတူတွဲ၍ အရာရာကို စွန့်လွှတ်အနစ်နာခံကာ ပါရမီလုပ်ငန်းကို အဟုတ်တမ်း ကြိုးပမ်းနိုင်ကြပေမည်။ ထို့ကြောင့် အတူတွဲ၍ ပါရမီဖြည့်ဘို့အရေးဝယ်  ထိုပါရမီနှင့်ချစ်မေတ္တာနှစ်ခုတွင် ချစ်မေတ္တာသည် မူလ အစ ပထမ ဖြစ်သည် ဟု မှတ်ယူ
ထင်မြင်သုံးသပ်မိ၏။( မှတ်ချက်။ ဘုရားအလောင်းတော်၏ မဟာကရုဏာတော်ကြောင့် ဘုရားဖြစ်ဘို့ရန်စိတ်ထက်သန်တော်မူပုံနှင့် သုမေဓာနှင့် သုမိတ္တာတို့နှစ်ဦး၏ ချစ်မေတ္တာကြောင့် အတူတွဲ၍ ပါရမီ ဖြည့်နိုင်ပုံကိုမရောထွေးစေချင်ပါ။ မရောထွေးသင့်။ ဤစကား ဤစာနှင့်ပတ်၍ မရှင်းပါက မေးနိုင်ပါသည်။ ) သို့ဖြစ်၍ အရင်းခံစစ်မှန်သော ချစ်မေတ္တာကြောင့်ပင် ပါရမီလုပ်ငန်းကို အဟုတ်တမ်းတွဲ၍ ဖြည့်နိုင်ခဲ့ကြသည်ဟု မိမိယုံကြည်နားလည်မိပါ၏။ မှန်၏။ အချစ်သည် သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက နိဗ္ဗာန်ထိပို့ဆောင်ပေးနိုင်ကြောင်းပဋ္ဌာန်းတရားတော်တွင်လည်းတိုက်ရိုက်လာပါ၏။ ထို့ပြင် သုမိတ္တာအမျိုးသမီးလေး၏ သုမေဓာရှင်ရသေ့ပေါ် ချစ်မေတ္တာဖြင့်အရာရာကို ကျေနပ်ကြည်နူးစွာ ဖြည့်ဆည်းပေးနိုင်ဘို့အရေး ပါရမီဖြည့်ဘက်အဖြစ်ဖြင့်ပါဝင်လာနိုင်ခြင်း၏ အကြောင်းကိုလည်း ယသောဓရာထေရီပါဒါန်တွင် ဤသို့ဆိုပါ၏။

lauantai 22. lokakuuta 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၇ )

ဤ သုမေဓာချစ်သားသည် နောင်အခါ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းရောက်သောကာလ၌ ဘဒ္ဒကမ္ဘာဝယ် သိစရာမှန်သမျှ ကြွင်းမဲ့ဥဿုံအလုံးစုံသိမြင်တော်မူသည့် ဘုရားအဖြစ်သို့ရောက်ရှိချိမ့်မည်၊ ဤ သုမိတ္တာ ချစ်သမီးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဘက်အဖြစ်ဖြင့် ပါဝင်ဖြည့်ဆည်းလိမ့်မည် ဟူ၍။  မိမိတို့ ဗုဒ္ဓဘာသာဝင်များ ယနေ့ကိုးကွယ်ဆည်းကပ်နေကြသော
ဂေါတမဘုရားရှင်၏ သာသနာတော်သည် ဤသို့ဗျာဒိတ်တော်ကိုခံယူရာမှ အစပြုခဲ့လေ၏။ ဒီပင်္ကရာဘုရားရှင်၏ ဗျာဒိတ်တော်သည် ယနေ့သာသနာတော်ကို ကြိုတင်၍ အသိမှတ်ပြုခဲ့ခြင်းလည်းဖြစ်၏ ဟုဆိုနိုင်၏။ ထို့ပြင်ဤဗျာဒိတ်တော်ကို ခံယူသည့်အခမ်းအနားသည် ယနေ့သာသနာတော်၏ အစဦးဆုံးသော အခင်းအကျင်း ဖြစ်၏ ဟူ၍လည်းဆိုနိုင်ချိမ့်မည်ထင်၏။  ဤသို့သော ဗျာဒိတ်တော်ကို ဒီပင်္ကရာဘုရားရှင်အား ဖူးမြှော်
ကြည်ညိုကြသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကြားသိကြရသောအခါ စကြာဝဠာ၏ အနှိုင်းမဲ့ခေါင်းဆောင် သို့မဟုတ် သုံးဆယ့်တစ်ဘုံ၏ ခေါင်းဆောင်သည် ယခုပေါ်ပေါက်ချေပြီဟူ၍ များစွာ
နှစ်ထောင်းအားရဖြစ်ကြ၏။ ဝမ်းသာပီတိ အဖြစ်ကြီးဖြစ်ကြရ၏။ သူတို့၏ဝမ်းသာပီတိသည် အနှိုင်းအဆမဲ့၏၊ အလွန်တရာမြင့်မြတ်ဖြူစင်၏၊ သဂြိုင်္ဟ်စကားဖြင့်ပြောရလျှင် သောမနဿ သဟဂုတ်ဥာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိလေသာပွါးစီး အားကြီးရေးအတွက် ဝမ်းမြောက်ခြင်းမဟုတ်ဘဲ ကိလေသာကုန်ခန်း မြတ်ရဟန်း ( ဘုရား ) ဖြစ်ရေးအတွက်
ဝမ်းမြောက်ခြင်းကြောင့်ပင်ဖြစ်၏။ ထို့ပြင် နတ်ဗြဟ္မာအပေါင်းတို့သည် ဤသို့လည်း မျှော်လင့်ကြပြန်လေ၏။ အကယ်၍မိမိတို့သည် ဤဒီပင်္ကရာဘုရားရှင်လက်ထက်တော်၌ တရားထူးကိုမရခဲ့လျှင်
နောင်အခါဝယ် ဂေါတမဘုရားရှင်လက်ထက်တော်၌ တရားထူးကိုရရှိကြမည် ဟူ၍။ သူတို့၏ မျှော်လင့်တမ်းတချက်သည် မြင့်မြတ်ပေစွတကား။ အတုယူ အားကျထိုက်လေစွ။ စံပြုထိုက်လေစွတကား။ ယနေ့သာသနာတော်၏ မြစ်ဖျားခံရာ အစဦးဆုံး အခမ်းအနားသည် ဤမျှသာဖြစ်၏။ ဤအခမ်းအနားနှင့်ပတ်သက်၍ မိမိဤသို့ဆက်လက်၍ အတွေးပထျာဖြန့် စဉ်းစားခြင်း သံသရာချဲ့ဆန့်မိပါတော့၏။ လောကုတ္တရာမှလွဲ၍ လောက၏ နယ်ပယ်အသီးသီးတွင် ဘို့နှစ်ဘို့လိုအပ်၏။ ဘက်နှစ်ဘက်သည်ရှိ၏။ ထိုဘို့နှစ်ဘို့ ဘက်နှစ်ဘက် ညီညွတ်မျှတ ပြည့်စုံပါမှ ရလာဒ်တစ်ခု ထွက်ပေါ်လာမြဲဖြစ်၏။ အဆိုးနယ်ပယ်တွင်ဖြစ်စေ အကောင်းနယ်ပယ်တွင်ဖြစ်စေ သိပ္ပံပညာရပ် နယ်ပယ်တွင်ဖြစ်စေ ဝိဇ္ဇာပညာရပ် နယ်ပယ်တွင်ဖြစ်စေ အဆိုပါ ဘို့နှစ်ဘို့ ဘက်နှစ်ဘက်သည် မလွဲမသွေရှိသည်သာဖြစ်၏။ ထိုအရာကား ဖိုသဘာဝနှင့် မသဘာဝပင်တည်း။ တနည်းဆိုသော် ဖိုသတ္တိစွမ်းအင်နှင့် မသတ္တိစွမ်းအင်ပင်ဖြစ်ချေ၏။ ဤသတ္တိစွမ်းအင်နှစ်ခုသည် ဆန့်ကျင်ဘက်လည်းဖြစ်၏။ အလွန်အားကြီးသောဆွဲအားလည်းဖြစ်၏။ ထိုဆန့်ကျင်ဘက်ဆွဲအားတို့၏ ဟန်ချက်ညီညီဖြင့် ညီညွတ်ပေါင်းစည်းမိသောအခါ ရလာဒ်တစ်ခုသည် မုချဖြစ်ပေါ်လာရလေတော့၏။ လောကဓံတရားဟု အများသိနေကြသည့် ပေါများခြင်းနှင့် ရှားပါးခြင်း၊ ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်း၊ မိတ်ဆွေသင်္ဂဟ ပေါများခြင်းနှင့် အထီးကျန်ခြင်း ဟူသော ဒွန္ဒဒွန္ဒ အစုံအစုံသဘာဝတို့သည်လည်း မည်သည့်လောကီနယ်ပယ်တွင်မှ
ရှောင်လွှဲ၍မရဘဲ ထိုအစုံအစုံ သဘာဝတို့ကြောင့်ပင် အရာရာသည် ပြောင်းလဲ ဖြစ်ပျက် တိုးတက် ဆုတ်ယုတ်လျှက် ခရီးဆက်နေကြရခြင်းဖြစ်တော့၏။ ဤနေရာ၌ မိမိအဓိကတင်ပြလိုသည်မှာ ဆန့်ကျင်ဘက်တို့၏ အစုံအစုံသဘာဝဖြစ်ပါ၏။ သုံးဆယ့်တစ်ဘုံသားတို့အားကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ရရှိရေး ရည်မှန်းချက်ဖြင့် ဗျာဒိတ်တော်ကိုခံယူလျှက် ပါရမီတော်ဆယ်ပါးကို ကိုယ်တော်တိုင်ဖြည့်ကျင့်တော့မည်ဖြစ်သော ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် သုမိတ္တာမည်သော အမျိုးသမီးလေးပါဝင်လာသည်ကို အဘယ့်ကြောင့် လက်ခံဘိသနည်း။ ထို့်ပြင် ဒီပင်္ကရာဘုရားရှင်သည်လည်း အဘယ့်ကြောင့် တစ်ဦးတည်းမခွဲဘဲ နှစ်ဦးတွဲ၍ ဗျာဒိတ်ပေးခဲ့လေသနည်း။ အထူးသဖြင့် အလွန်ရှည်ကြာလှသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းဝယ် သူတို့ နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားသည် အလွန်ပင်ကြီးမားလှသည်ကို တွေ့ရ မြင်ရ သိရ ဖတ်ရ၏။ ထိုချစ်ခြင်း မေတ္တာတရားသည် ပါရမီတော်တို့ကြောင့်ကြီးမားလာလေသလော၊ သို့မဟုတ် သူတို့နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားကြောင့်ပင် ပါရမီတော်တို့ကို ဖြည့်ဆည်းနိုင်ခဲ့လေသလော။ ဤသို့သော လော များစွာ ဘိသနည်း အသီးသီးကို မိမိဘာသာ မေးခွန်းထုတ်၍ မိမိဘာသာ ဤသို့ဆက်လက်၍ အတွေးစိတ်ကူး မြူးမိပါတော့သတည်း။
( ဆက်ရန်......)


tiistai 11. lokakuuta 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၆ )

ထိုသူမ၏နာမည်ကားသုမိတ္တာ ဟူသတတ်။ ထိုနာမည်၏ အဓိပ္ပါယ်ကား မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အလွန်ချစ်ခင်တတ်သူ ဟူ၍ဖြစ်သတတ်။ မှန်၏၊ သုံးဆယ့်တစ်ဘုံသား အားလုံးအတွက် အလောင်းတော်အား ဘုရားဖြစ်စေရန် ကူညီ၍ ပါရမီဖြည့်ဆည်းပေးရမည့်သူသည် မိတ်ဆွေကောင်းဖြစ်နေပါမှ သို့မဟုတ် အများပြည်သူလူထု၏ အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အများပြည်သူလူထုကို ချစ်ခင်တတ်သူဖြစ်ပါမှ ပါရမီဖြည့်ဘက်ဖြစ်နိုင်ပေမည်။ ထိုသို့မဟုတ်ပါက သာမာန်အမျိုးသမီးဖြစ်သွားပေမည်။ ထိုဘုရားရှင်ကို ကြိုဆိုသည့် အခမ်းအနားတွင် ထိုသုမိတ္တာမည်သော အမျိုးသမီးငယ်လေးသည် ဒီပင်္ကရာဘုရားရှင်ကို လှုရန်အတွက် ကြာပန်းရှစ်ခိုင်ယူလာခဲ့လေ၏။ သူမ၏ အစပထမရည်ရွယ်ချက်သည် သူမကိုယ်တိုင် တစ်ဦးတည်း လှုဘို့ဖြစ်၏။ သို့သော် ဒီပင်္ကရာဘုရားရှင်အား သူ၏ခန္ဓာကိုယ်ကို တံတားခင်း၍လှုဒါန်းနေသော သုမေဓာရှင်ရသေ့ကို မြင်တွေ့ရသောအခါ သူမသည် လေးစားကြည်ညိုသွားလေ၏။ ယုံကြည်မှု၊ အားထားမှု၊ ချစ်ခင်မှု၊ ပူးပေါင်းဆောင်ရွက်လိုမှုနှင့် ပေးဆပ်ဖြည့်ဆည်းလိုမှုဟူသောဆန္ဒတို့သည်လည်း သူမ၏ရင်တွင်းသို့ အလိုအလျောက် ချင်းနင်းဝင်ရောက်လာခဲ့၏။ ထို့ကြောင့်ပင် သူမသည် လှုရန် ယူဆောင်လာခဲ့သော ကြာပန်းရှစ်ခိုင်အနက် သုံးခိုင်ကိုသာ သူမကိုင်ဆောင်လျှက် ကျန်ငါးခိုင်ကိုမူ သုမေဓာရှင်ရသေ့အား လိုလိုလားလားပင် ပေးလှုလိုက်လေ၏။ ဤနေရာတွင်မိမိ ဤသို့စဉ်းစားမိ၏။ အလောင်းတော်၏နာမည်ကား သုမေဓာ၊ အဓိပ္ပါယ်ကား ပညာပြည့်ဝ နှလုံးလှသူ သို့မဟုတ် စိတ်နှလုံးဖြူစင်လှသောပညာရှိ ဟူ၍ဖြစ်ပြီးလျှင် ကူညီ၍ ပါရမီဖြည့်မည့်သူ သုမိတ္တာ၏ အဓိပ္ပါယ်မှာ မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချင်ခင်တတ်သူဟု အဓိပ္ပါယ်ရှိသဖြင့် သူတို့နှစ်ဦး၏ အမည်နာမ ဗျူပ္ပတ်နှင့် လုပ်ရပ်တို့သည် အလွန်ပင်ညီညွတ်တိုက်ဆိုင် ကြလေ၏တကား ဟူ၍။  ထို့နောက် သုမေဓာမည်သော ရှင်ရသေ့နှင့် သုမိတ္တာမည်သော အမျိုးကောင်းသား အမျိုးကောင်းသမီးနှစ်ယောက်တို့သည် ဒီပင်္ကရာဘုရားရှင်အား နှစ်ယောက်ပေါင်း၍ ကြာပန်းရှစ်ခိုင်ကိုလှုဒါန်းခဲ့ကြ၏။ ထိုသို့လှုဒါန်းစဉ်တွင် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်၏ အနှိုင်းမဲ့အသရေတော်ကို ဖူးတွေ့ရသဖြင့်အလွန်အားကျကြည်ညိုမိတော့၏။ အထူးသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် ငရဲနှင့် တိရစ္ဆာအပါအဝင် သုံးဆယ့်တစ်ဘုံသူ ဘုံသားတို့အတွက် လောကီကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုးဤနှစ်မျိုးတို့ကို အနှိုင်းမဲ့သော ကရုဏာ၊ မေတ္တာ၊ ပညာတို့ဖြင့် အနှိုင်းမဲ့ဆောင်ရွက်တော်မူနိုင်သကဲ့သို့ သုမေဓာရှင်ရသေ့သည်လည်း လောကသားတို့၏ ကောင်းကျိုးမှန်သမျှကို သယ်ဆောင်လို ကယ်တင်လိုသော မဟာကရုဏာနှင့်  ဆန္ဒတို့သည် အလွန်အမင်းပြင်းပြင်းပြပြဖြစ်တော်မူလေ၏။ အမှန်စင်စစ် ဘုရားဖြစ်လိုသောဆန္ဒသည် အလွန်အမင်းပြင်းပြထက်သန်လာလေ၏။ မှန်လှ၏။ ဘုရားဖြစ်မှသာလျှင် အသားအရောင် အမျိုးအနွယ် နေရာဒေသ နိုင်ငံ ဘုံဌာန အဆင့်အလွှာ စသော လောကသားတို့၏ အပေါ်ယံအမြင်တို့ကို မရှုမြင် မခွဲခြားဘဲ သတ္တဝါတိုင်း၏ ပါရမီ အနုအရင့် အဆင့်အတန်းကိုသာ ကြည့်ရှုဆင်ခြင်တော်မူ၍ လောက ကောင်းကျိုးနှင့် လောကုတ္တရာ ကောင်းကျိုး ထိုနှစ်မျိုးတို့ကို အနှိုင်းမဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပါ၏။ ထို့ကြောင့်ပင် သူသည်ဘုရားဖြစ်လိုစိတ် ထက်သန်ပြင်းပြခြင်းပင်ဖြစ်၏။ ထို့ပြင်သုမိတ္တာမည်သော အမျိုးသမီးကောင်းလေးသည်လည်း သုမေဓာရှင်ရသေ့နှင့် သံသရာတစ်လျှောက် ဘဝဆက်တိုင်းတွင် ဘုရားဖြစ်သည်အထိ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါးမျှဝေ၍ အတူတကွ ဆောင်ရွက်လိုသော ပါရမီဖြည့်လိုစိတ်တို့သည်လည်း တားမနိုင်ဆီးမရ ဖြစ်ပေါ်လာလေတော့၏။ အမှန်စင်စစ် သူတို့နှစ်ယောက်လုံး၏ အသိဥာဏ်နှင့် စိတ်သန္တာန်တွင် သို့မဟုတ် ဦးနှောက်နှင့်နှလုံးသားတို့တွင် မိမိတို့၏ အရာရာကို စွန့်လွှတ်ပေးဆပ်၍ လောကကောင်းကျိုးလုပ်ဆောင်ရန် အလွန်အမင်းစိတ်သန် ခံယူ ခံစားလျှက်ရှိကြ၏။ ဤသည်မှာ သူတို့နှစ်ဦး၏ လောကအပေါ်ထားရှိသော မဟာကရုဏာနှင့် အသိဥာဏ်ပညာပင်ဖြစ်တော့၏။ ဤနေရာ၌ ဘုရားအလောင်းတော် သုမေဓာ၏ မဟာကရုဏာနှင့် ပညာသည်ပို၍ပြဋ္ဌာန်းအားကြီးလှသည်ကိုမမေ့သင့်ပေ။ မှန်၏။ လောကကောင်းကျိုးကို သယ်ပိုးရာတွင် ကရုဏာနှင့်ပညာသည် မရှိမဖြစ်လိုအပ်ပါ၏။ ကရုဏာသာရှိ၍ ပညာမပါလျှင် ထိုထိုလုပ်ရပ်တို့သည် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတတ်ပါ၏။ စေတနာကောင်းရှိသော်လည်း နည်းလမ်းမှားသဖြင့် ကောင်းကျိုးမရ ဆိုးကျိုးဖြစ်ရတတ်သည်ဟု ဆိုလိုပါ၏။ တစ်ဖန် ပညာသာရှိ၍ ကရုဏာမပါလျှင်လည်း အကြင်နာမဲ့၍ ရက်စက်ကြမ်းကြုတ်တတ်သဖြင့် လောကသားများ၏ အားထားရာသဖွယ်မဖြစ်ဘဲ ဆိုးကျိုးများကို ခံစားရတတ်ပါ၏။ ထို့ကြောင့် လောကကောင်းကျိုးကို ဆောင်ရွက်ရာတွင် ကရုဏာနှင့်ပညာသဘောတရားတို့သည် အမှန်တကယ်လိုအပ်လှပါ၏။ သို့မှသာလျှင် လောကသားတို့အတွက် စစ်မှန်သော ကောင်းကျိုးချမ်းသာများကို ခံစားကြရမည်ဖြစ်ပါ၏။ ထိုသူနှစ်ယောက်တို့၏  ထိုအခြင်းအရာအားလုံးကို ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်ဖြင့်သိတော်မူလေ၏။ ထို့ပြင် သုမေဓာရှင်ရသေ့၏ အနာဂတ်ကို ဆင်ခြင်တော်မူသောအခါ၌လည်း နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာသောကာလဝယ် ဘဒ္ဒကမ္ဘာ၌ ဂေါတမအနွယ်တော်ဖြင့် ဘုရားအဖြစ်သို့အမှန်မုချ ရောက်ရှိမည်ဖြစ်ကြောင်းကိုလည်းသိတော်မူသည့်အပြင် သုမိတ္တာအမျိုးကောင်းသမီးလေးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဖက်အဖြစ်ဖြင့် မလွဲမသွေပါဝင်ဖြည့်ဆည်းလိမ့်မည်ဖြစ်ကြောင်းတို့ကိုလည်း သိမြင်တော်မူလေ၏။ ထို့ကြောင့်ပင် ဘုရားရှင်က သူတို့နှစ်ဦးအား ဤသို့ ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။
( ဆက်ရန်......)

lauantai 1. lokakuuta 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၅ )

သုမေဓာရှင်ရသေ့သည် တစ်နေ့သောအခါ ဈာန်သမာပတ်မှထတော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာရာ ရမ္မာဝတီမြို့ကောင်းကင်ယံသို့ရောက်ရှိလေ၏။ ထိုသို့ကောင်းကယ်ယံသို့ရောက်ရှိသောအခါ အောက်မြေအပြင်ကို ငုံ့၍ကြည့်မိ၏။ ထိုအခါ လူများစွာတို့သည် ပျားပန်းခတ်မျှ လှုပ်ရှားသွားလာလျှက် အားတက်သရော လုပ်ကိုင်ဆောင်ရွက်နေကြည်ကို တွေ့မြင်ရသောကြောင့် ထိုအခြင်းအရာကို စုံစမ်းမေးမြန်းလိုစိတ်ဖြစ်ပေါ်လာခဲ့၏။ ထိုကြောင့်ပင် သူသည် အောက်မြေအပြင်သို့ ဆင်းသက်၍ အခြေအနေမှန်ကို စုံစမ်းကြည့်သောအခါ ဤသို့သိရှိရလေ၏။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျှက် ရမ္မာဝတီပြည်သို့ကြွချီတော်မူလာ၏။ တိုင်းသူပြည်သား အများအပြားတို့အားလည်း တရားရေအေးတိုက်ကျွေးကာ အေးငြိမ်းရာ နိဗ္ဗူတာသို့ ပို့ဆောင်တော်မူ၏။ တိုင်းသူပြည်သား အားလုံးတို့သည်လည်း ဒီပင်္ကရာ မြတ်စွာဘုရားရှင်၏ တရားတော်ကို ရိုသေဝမ်းမြောက် နှစ်ထောင်းအားရ ရှိကြပါပေ၏။ ပြည်သူပြည်သားများသည် တရားတော်ကို နာယူကြပြီးလျှင် ဆွမ်းဖြင့်လုပ်ကျွေးပြုစုလို၏။ ဝေယျာဝစ္စကုသိုလ်ကိုလည်း လိုချင်ကြ၏။ သူတော်ကောင်းတရားကို နာကြားကြရသောကြောင့် သူတော်ကောင်းတရားများ တည်တံ့ပြန့်ပွါးထွန်းကားစေရန် စိတ်ရည်သန်၍ ဘုရားအမှုးရှိသော သူတော်ကောင်းတို့ကို ပြုစုလုပ်ကျွေးလိုခြင်းလည်းဖြစ်၏။ ထို့ကြောင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်နှင့်တကွ ရဟန္တာပေါင်းနှစ်သောင်းကို ဆွမ်းဘုန်းပေးသောအားဖြင့် ပြည်သူပြည်သားများအား ချီးမြှောက်တော်မူပါရန် ပြည်သူပြည်သားများက ပင့်လျှောက်ထားခဲ့ကြ၏။ ထိုလျှောက်ထားချက်အရ  မြတ်စွာဘုရားရှင်နှင့်တကွရဟန္တာအရှင်မြတ်ပေါင်း နှစ်သောင်းကြွချီတော်မူလာမည်ဖြစ်သောကြောင့် လူအများစုပေါင်း၍ လမ်းပြင်ခြင်း၊ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ အခမ်းအနားအပြင်ဆင်ခြင်း၊ ဆွမ်းချက်ပြုတ်ခြင်းစသော ဆွမ်းကပ်လှုမည့်အခမ်းအနားတွင် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြကြောင်းကို ရှင်ရသေ့သည် စုံစုံစေ့စေ့ သိရှိရလေတော့၏။ ထိုသို့သိရှိလေသောအခါ သူသည်လည်း ကုသိုလ်အမှုကိုပါဝင်ဆောင်ရွက်လိုပါကြောင်း၊ လမ်းပြုပြင်ရန် နေရာတစ်ခုကို ပေးစေလိုပါကြောင်း သဒ္ဓါတရားထက်သန်စွာဖြင့် မေတ္တာရပ်လေတော့၏။ ပြည်သူပြည်သားအများကလည်း ကျေကျေနပ်နပ်ပင် လမ်းပြုပြင်ရန် နေရာတစ်ခုကို သတ်မှတ်ပေးလေ၏။ သို့သော် သူပြုပြင်ရမည့်လမ်းပိုင်းသည် ရွှံ့ ညွံများဖြင့် ပြည့်လျှက်ရှိသောကြောင့် အချိန်မီမပြီးစီးခဲ့ပေ။ မပြီးစီးမီပင် ဘုရားရှင်နှင့်တကွရဟန္တာများကြွချီတော်မူလာရာ ရှင်ရသေ့သည် မပြီးစီးသေးဘဲ ကြွင်းကျန်နေသည့် ရွှံ့ ညွံများဖြင့် ဖုံးအုပ်နေသောလမ်းပေါ်ဝယ် သူ၏ကိုယ်ခန္ဓာကို ဝမ်းလျားထိုး၍ တံတားခင်းကာ ဤသို့ လျှောက်ထားခဲ့တော့၏။ လောကသုံးပါးတို့၏ ကိုးကွယ်ရာသခင် သဗ္ဗညုတဥာဏ်တော်ရှင် အရှင်မြတ်ဘုရား တပည့်တော်၏ ခန္ဓာကိုယ်ကို တံတားပြု၍ ကြွချီတော်မူပါဘုရား၊ တပည့်တော်၏ကိုယ်ခန္ဓာကို တံတားအဖြစ်လှုဒါန်းပါ၏ ရှင်တော်မြတ်ဘုရား။ ဤသို့လျှောက်ထားလိုက်သောအခါ ဘုရားရှင်နှင့်တကွ ရဟန္တာနှစ်သောင်းတို့သည် သုမေဓာရှင်ရသေ့၏ ကျောကုန်းကိုနင်း၍ ကြွချီတော်မူကြလေ၏။ ထိုကဲ့သို့သော စည်ကားကြီးကျယ် ဝင့်ထယ်ခမ်းနားလှသည့် ဒီပင်္ကရာဘုရားရှင်အားကြိုဆိုပွဲနှင့် ဆွမ်းကပ်လှုပွဲတွင် မထင်မရှား အညတြအနေဖြင့် အရည်အချင်းပြည့်ဝ နှလုံးလှသည့် အမျိုးသမီးကောင်းလေးတစ်ယောက်သည် ရဲရဲရင့်ရင့်ပါဝင်လာခဲ့၏။ သူမသည် ထိုဘဝတွင် ဘုရှားရှင်ကို ကြိုဆိုမှုနှင့်ဆွမ်းကပ်သည့်အခမ်းအနားမတိုင်မီအထိ မထင်မရှားဖြစ်ခဲ့သော်လဲ ထိုဘုရားရှင်ကိုကြိုဆိုသည့်အချိန်မှစ၍ နောက်နောင်ဘဝဆက်တိုင်းတွင် ထင်ရှားကျော်ကြားလာသူဖြစ်၏။ ပါရမီဖြည့်ဆည်းတော်မူရာ ကာလတိုင်း ကမ္ဘာတိုင်း ဘဝတိုင်းဝယ် မငြီးမငြူ ကြည်ဖြူစွာဖြင့် မေတ္တာကိုအညီအမျှပြု အချစ်တုကိုဖယ်ရှား အားသစ်များပေး၍ အလောင်းတော်အား  ပါရမီဖြည့်ခဲ့သူဖြစ်၏။ လောကကြီးတစ်ခုလုံးအတွက် အလောင်းတော်ဘုရားဖြစ်စေရန် ဘဝ၏ဒဏ်ရာဒဏ်ချက်နှင့် နှလုံးသား၏ဆန္ဒ၊နှလုံးသား၏တမ်းတချက်တို့ကို ဦးစားမပေး အလေးမထားဘဲ ပေးဆပ်အနစ်နာခံရမှုတို့ အလွန်တရာကြီးကျယ်များပြားလှပြီး ရှည်လျားလှသောကာလများဝယ် အအေးနှင့်အပူ အချိုနှင့်အခါး ရိုင်းပြမှုနှင့် ယာဉ်ကျေးသိမ်မွေ့မှု ရက်စက်မှုနှင့်ကြင်နာမှု ကြမ်းတမ်းမှုနှင့်ချောမွေ့မှု အနိမ့်နှင့်အမြင့် အတိမ်နှင့်အနက် အတက်နှင့်အဆင်း အလင်းနှင့်အမှောင် အယောင်ဆောင်နှင့် အစစ် အသဲကွဲမှုနာကျင်မှုနှင့် ကျေနပ်ကြည်နူုးမှု စသည့်စသည့် မရေမတွက်နိုင်သော
အမှုများစွာကို နဲနဲလေးမျှမမှု၊ မမှုရေးချ မမှုဘဲ အံတု ဖြတ်သန်းခဲ့သူဖြစ်သည့်အပြင် စိတ်ဓါတ်ရေးရာအရ အလွန်တရာတည်ကြည်ခိုင်ခံ့၍ ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံး၏ စံပြအားထားလောက်သည့်အမျိုးသမီးကောင်းလည်းဖြစ်၏။ ပါရမီလုပ်ငန်းဟူသမျှ ကျရာနေရာ ကြုံရာအခိုက်အတန့်မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ ဖြည့်ဆည်းပေးခဲ့သူလည်းဖြစ်၏။ အမှန်စစ်စစ် မြတ်စွာဘုရားရှင်၏ သဗ္ဗညုတတော်ကိုရခြင်း၌ သူမ၏ကျေးဇူးကား အထူးကြီးမားလှပါဘိ။ လောကသားများအနေဖြင့်လည်း သူမ၏ ကျေးဇူးကိုသိသင့်နားလည်သင့်လှ၏။ သူမကားအခြားမဟုတ်။ သူမ၏ နာမည်ကား မိမိတို့ဗုဒ္ဓဘာသာဝင်များ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော တော်လေးဝဝင်သည့် ယသောဓရာပင်တည်း။ သို့သော် သူမ ပါရမီဖြည့်ဖက်အဖြစ် စတင်ပါဝင်စဉ်ကထိုနာမည်မဟုတ်ခဲ့။ သူမ၏နာမည်ကားးးး
( ဆက်ရန်.....)