sunnuntai 11. syyskuuta 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁ )

ယနေ့လူသားများ ကိုးကွယ်ယုံကြည်နေကြသော ဘာသာတရားများ ထွန်းကားလာသည်မှာ နှစ်ကာလအရေအတွက်အားဖြင့် တွက်စစ်ကြည့်သော် နှစ်ပေါင်း သုံးထောင်ခန့်မျှရှိပြီဟု အကြမ်းဖျင်းအားဖြင့်ဆိုနိုင်လေ၏။ ဤခန့်မှန်းမှုသည် ယနေ့ဖြစ်တည်နေသော ဘာသာကြီးများအနက် အစောဆုံးဖြစ်သော ဟိန္ဒူဘာသာကို ရည်ညွှန်းခြင်းဖြစ်၏။ ထို့်နောက် ရှေးခေတ် အိန္ဒိယနိုင်ငံတွင် မြောက်များလှစွာသော ဘာသာတရားများ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ပေါ်ပေါက်ခဲ့ကြ၏။ ထိုသို့ပေါ်ပေါက်ခဲ့သောဘာသာတရားများအနက် ဗုဒ္ဓဘာသာသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့၏။ ဤကမ္ဘာတွင် ဗုဒ္ဓဘာသာပေါ်ပေါက်လာသည်မှာ ယနေ့အထိဆိုလျင် နှစ်ပေါင်း ၂၆၀၀ တင်းတင်းပင်ပြည့်ပေတော့မည်။ ယခုနှစ်လာမည့် ကဆုန်လပြည့်နေ့ နံနက်လင်းအားကြီးအချိန်တွင် ဗုဒ္ဓဘာသာ၏သက်တမ်း နှစ်ပေါင်း ၂၆၀၀ တိတိပြည့်ပေတော့မည်။ စတင်ပေါ်ပေါက်ခဲ့သော နေရာဒေသကား ယနေ့ခေတ်ပထဝီအရ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာခရိုင် ဗုဒ္ဓဂယာအရပ်ဒေသဖြစ်၏။ ဤဗုဒ္ဓဘာသာကို တည်ထောင်သူမှာ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်၊ မိမိတို့လူသားများ မမြင်နိုင်သော ကောင်းကင်ဘုံမှ ဖန်ဆင်းရှင် တန်ခိုးရှင်တစ်ဦးလည်းမဟုတ်၊ တမာန်တော် တစ်ယောက်ကို ဘာသာတည်ထောင်ရန် အမိန့်ပေးစေလွှတ်ပြီး ခိုင်းသမျှကို အလိုတော်ကျ မလိုက်နာပါက လူသားများအား ဆဲရေးကြိမ်းမောင်း အပြစ်ပေး ခြိမ်းခြောက်၍ ဘာသာတည်ထောင်သူလည်းမဟုတ်၊ အဟုတ်စင်စစ်သော်ကား လူသားမိဘနှစ်ပါးမှ မွေးဖွားလာသည့် ထိပ်တန်းအရည်အသွေးပြည့်ဝလှသော အနှိုင်းမဲ့ လူသားစစ်စစ်တစ်ယောက်သာဖြစ်ချေ၏။ သူသည်အနှစ်သာရကင်းမဲ့၍ ကောင်းကျိုးမဲ့ကိုဖြစ်စေသော ရှေးဟောင်းအယူဝါဒ အမူအကျင့်နှင့် ယာဉ်ကျေးမှုတို့ကို မည့်သူ့ကိုမျှမထိခိုက်မနစ်နာစေဘဲ ရဲရဲရင့်ရင့်တော်လှန်ခဲ့သူ မဟာလူသားဖြစ်၏။ ထို့ပြင် ရေတိုရေရှည် ပစ္စက္ခ တမလွန်နှစ်တန်သော ကာလတို့ဝယ် လောကကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုး ထိုနှစ်မျိုးကို လူသားအပါအဝင် လောကသားအများခံစားနိုင်စေရန် အနှိုင်းမဲ့သင်ကြားချက်များကို သင်ပြပေးခဲ့သူ လူထဲက မဟာလူသားစစ်စစ်သာဖြစ်လေ၏။ သူကားအခြားမဟုတ် သဗ္ဗညုတဥာဏ်ရှင် မြတ်ဗုဒ္ဓပင်ဖြစ်တော့၏။ သူ၏မွေးဖွားရာဇာတိကား ယနေ့ခေတ်ပထဝီအရ နီပေါနိုင်ငံ လုမ္ဗိနီအရပ်ဖြစ်၏။ ဘုရားမဖြစ်မီ သူ၏ငယ်နာမည်မှာ သိဒ္ဓတ္ထဖြစ်၏။ သူ၏ အနွယ်တော်မှာ ဂေါတမဖြစ်ပြီးလျှင် မျိုးရိုးကား မင်းမျိုးဖြစ်၍ စကြာဝတေးမင်းဖြစ်ရမည့် စွမ်းရည်ပြည့် စကြာဝတေးမင်းလောင်း အိမ်ရှေ့မင်းသားတစ်ပါးလည်းဖြစ်၏။ ထို့ပြင် သူ့တွင်ရုပ်ရည်အားဖြင့် အလွန်ချောမောလှပတင့်တယ်၍ နှလုံးရည် ဥာဏ်ရည်တို့နှင့်လည်း ပြည့်ဝသော ကြင်ယာသက်ထား ယသောဓရာမင်းသမီးလည်းရှိ၏။ သူ၏ရုပ်ပိုင်းပိုင်ဆိုင်မှုများကား များပြားလှ၏။ သက်ရှိရော သက်မဲ့ပါ အားလုံးပါဝင်၏။ သူပိုင်ဆိုင်သမျှအရာရာကို ယတိပြတ်စွန့်လွှတ်ပြီးလျှင် လောကမှလွန်မြောက်ရာ လောကုတ္တရာတရားကို မရမနေဇွဲစိတ်ဇွဲမာန်ဖြင့် ခြောက်နှစ်တိုင်တိုင် ကြိုးစားရှာဖွေခဲ့၏။ ထိုသို့ရှာဖွေရင်း လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ နီးပါးက အိန္ဒိယနိုငံ ဗုဒ္ဓဂယာ မဟာဗောဓိညောင်ပင်အောက်ဝယ် သိစရာမှန်သမျှကို တစ်စမကျန် အကုန်အစင်သိမြင်တော်မူသဖြင့် သဗ္ဗညုတဥာဏ်ရှင် မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့၏။ ထိုသို့ဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက် ဗုဒ္ဓဂယာဒေသဝယ် သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်သောသူကို လောလောဆယ်တွင် မတွေ့မမြင်ရသောကြောင့် သစ္စာကိုသိမြင်စွမ်းနိုင်မည့်သူရှိရာ ဗာရာဏသီမြို့ မိဂဒါဝုန်တောသို့ကြွတော်မူ၍ ဓမ္မစကြာတရားဦးဒေသနာကို ပဉ္စဝဂ္ဂီငါးပါးတို့အား ဟောကြားတော်မူခဲ့၏။ ထိုတရားတော်သည် မြတ်ဗုဒ္ဓ၏ အဦးဆုံးသောတရားတော်လည်းဖြစ်သလို ဗုဒ္ဓဘာသာတို့၏ရည်မှန်းချက်စစ်စစ်လည်းဖြစ်၏။ ထိုသို့ဟောကြားတော်မူသည်မှစ၍ ဤကမ္ဘာဝယ် ဗုဒ္ဓတရားတော်များယနေ့ထိတိုင် စတင်ပြန့်နှံ့ခဲ့တော့၏။ ယနေ့ကမ္ဘာဝယ် မြတ်ဗုဒ္ဓ၏တရားတော်များသည် အသိပညာရှင်လူတန်းစား၏ စားမြိန်အာဟာရဖြစ်လာနေ၏။စစ်မှန်သောငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူတိုင်း၏ ကျင့်စဉ်လည်းဖြစ်၏။ လူသားသည်မိမိတို့လိုလားတောင့်တချက်ကို မိမိတို့လူသားကိုယ်တိုင် အမိအပိုင် လက်ဆုပ်လက်ကိုင် လက်တွေ့ကျကျ ရယူနိုင်စေရန်သင်ကြားပေးထားသော သင်ကြားချက်များလည်းဖြစ်၏။   မြတ်ဗုဒ္ဓ၏ တရားတော်များသည် ဗုဒ္ဓဘာသာဖြစ်၏။ ဗုဒ္ဓသာသနာလည်းဟုတ်၏။ ထိုဘာသာ ထိုသာသနာ၏ဇစ်မြစ်ကို တူးဆွရှာဖွေကြည့်သောအခါ အကြမ်းဖျင်းအနေဖြင့် ပါရမီဆယ်ပါးကိုတွေ့ရမည်ဖြစ်၏။ မှန်၏။ ထိုပါရမီဆယ်ပါးကို မကျင့်မဖြည့်လျှင် ဗုဒ္ဓဘာသာသည် မည်သို့ပေါ်ပေါက်လာနိုင်ပါမည်နည်း။ ပေါ်ပေါက်လာဖွယ်ရာအကြောင်းလုံးဝမရှိနိုင်ချေ။ သို့ဆိုလျှင် ပါရမီဆယ်ပါးကို မည်သည့်အတွက်ကြောင့်ဖြည့်ကျင့်ရပါသနည်း။ ပါရမီဆယ်ပါး အကျင့်မြတ်တရားကို ဖြည့်ကျင့်ရခြင်း၏ အကြောင်းကား ဘာဖြစ်သနည်း၊ ရည်ရွယ်ချက်ကား အသို့နည်း စသည်ဖြင့် ဆက်လက်တူးဆွရှာဖွေ သုတေသနလုပ်ဖို့လိုလာပေ၏။

Ei kommentteja:

Lähetä kommentti