ဤအကြောင်းအရာနှင့်ပတ်သက်၍ စဉ်းစားပုံကား ဤသို့ ဤသို့ စသဖြင့် စသဖြင့် ဖြစ်ပါ၏။ သုမိတ္တာအမျိုးသမီးလေး ပါရမီစခန်းခရီးကြမ်းကြီးအတွက် ဤသို့ဤနှယ် ပါဝင်လာခြင်းသည်
အကြောင်းမဲ့သက်သက်မဖြစ်တန်ရာ၊ထို့ပြင် သုမေဓာရှင်ရသေ့အနေဖြင့် သုမိတ္တာအားပါရမီဖြည့်ဘက်အဖြစ် လက်ခံလိုက်ခြင်းသည်လည်း အကြောင်းတရားမကင်းတန်ရာ။ အထူးသဖြင့် ဒီပင်္ကရာဘုရားရှင်
ပေးသောဗျာဒိတ်သည် အလွန်တရာခိုင်မာပြတ်သားလှချေ၏။ မလွဲနိုင်သော တိကျခြင်းမျိုးဖြင့် တိကျမှန်ကန်လှ၏။ သို့ဖြစ်၍ ထိုဗျာဒိတ်သည်လည်း အတိတ်အကြောင်းမကင်းနိုင်ချေ။ ထိုအကြောင်းတရားသည်လည်း အလွန်အားကြီးသော အကြောင်းတရားသာ ဖြစ်ပေလိမ့်မည်။ အတိတ်ဘဝများစွာမှ များပြားလှသည့် ချခဲ့ဖူးသောရေစက် ပန္နက်ခဲ့ဖူးသောသစ္စာ များကြောင့်သာ သုမိတ္တာလည်း ပါရမီဖြည့်ဘက်အနေဖြင့်ပါဝင်သလို သုမေဓာကလဲ လက်ခံခြင်းဖြစ်ပေလိမ့်မည်။ ဒီပင်္ကရာဘုရားရှင်ကလည်း အစုံတွဲ၍ ဗျာဒိတ်ပေးတော်မူခြင်းဖြစ်ပေလိမ့်မည် ဟုစဉ်းစားမိ၏။ ထို့ပြင် ကမ္မနိယာမကို ယုတ္တိဗေဒကျအောင် စဉ်းစားပြန်သောအခါတွင်လည်း အလွန်တရာခက်ခဲကြမ်းတမ်းသော ပါရမီအဆန်ခရီးလမ်းကို အလွန်ပြင်းထန် ခိုင်မာသော စိတ်ဆန္ဒရှိသူတို့သာအတူစုံတွဲ၍
လျှောက်လှမ်းနိုင်မည်ဖြစ်ရာ ယခုဘဝတစ်ခဏလေးမျှတွင်သာတွေ့လိုက်ရ မြင်လိုက်ရခြင်းဖြစ်ပါက သူတို့နှစ်ဦးအဖို့ ဤမျှဝေးကွာ ကြာညောင်းလှသော လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းခရီးကို အတူတွဲ၍ ပါရမီဖြည့်နိုင်မည်မဟုတ်ပါချေ။ အမှန်စင်စစ် ရှေးရှေးဘဝဘဝများစွာက အတူယှဉ်တွဲ၍
ချစ်ခင်စွာနေထိုင်ခဲ့ကြခြင်းကြောင့်သာလျှင် ပါရမီအဆန်ခရီးကို မညီးမညူ အတူတွဲ၍လျှောက်လှမ်းဖို့ ဆုံးဖြတ်ရဲခြင်းဖြစ်ပေမည်။ ထို့ပြင်သူတို့၏ ဗျာဒိတ်ခံယူရာ ပစ္စုပ္ပန်ဘဝကို ကြည့်ပြန်လျှင်လည်း သုမေဓာသည် သတင်းကြီးသော သူဌေးသားဖြစ်သောကြောင့် သူ၏အရည်အချင်းနှင့် ကိုယ်ကျင့်တရားကို တစ်မြို့တည်းသူလည်းဖြစ် အမျိုးဇာတ်လည်းတူကာ အရည်အသွေးပြည့်ဝလှသော သုမေဓာအမျိုးသမီးလေးက ယုံကြည်ထိုက်လောက်အောင် ဂဃနဏ သိပြီးဖြစ်ပေလိမ့်မည်။
ဤအကြောင်းအရာနှင့်ပတ်သက်၍ မိမိသည်တိတိကျသိချင်လှသောကြောင့် တတ်သိနားလည်သော သူများကိုလဲမေး၏။ ဆွေးနွေးသင့်သူများကိုလဲ ဆွေးနွေး၏။ ထိုသို့ ဆွေးနွေးမေးမြန်းခဲ့ရသဖြင့်သာ မိမိ၏အတွေးစတို့သည်လည်း ပိုမို၍ ရဲရင့်လာခဲ့ပါ၏။ ရေးအားလည်းတက်ခဲ့ပါ၏။ အထူးသဖြင့် ပါရမီနှင့်စစ်မှန်သောချစ်မေတ္တာသည် ကင်းကွာ၍မရစကောင်းသော သဘောတရားနှစ်ခုဖြစ်၏ ဟုလည်း မိမိထင်မြင် ယူဆ သဘောပေါက်မိ၏။ အမှန်စင်စစ် အချစ်စစ် သို့မဟုတ် ချစ်မေတ္တာမရှိပါက အတူတွဲ၍ ပါရမီလည်းဖြည့်၍မရသလို ပါရမီဖြည့်ဘက်အဖြစ် အနေနှင့်လည်း ပူးတွဲကာ ပါဝင်နိုင်မည်မဟုတ်ဟု မိမိယုံကြည်ယူဆမိတော့၏။ မှန်၏။ သူတို့နှစ်ဦး၏ အပြန်အလှန်ထားရှိသော အချစ်စစ် သို့မဟုတ် ချစ်မေတ္တာသည် တွဲဘက်၍
ပါရမီဖြည့်ဘို့အရေး ကြီးမားလှသောစွမ်းအင်ဖြစ်၏ ဟုလည်းနားလည်မိ၏။ ဟုတ်၏ မှန်၏ ဟုထပ်၍ဆိုချင်၏။ အကြောင်းကား အပြန်အလှန်ယုံကြည်မှု စာနာမှု နားလည်မှု ကြင်နာမှု ဖေးမမှု ပြုစုစောင်မမှုဟူသော ချစ်မေတ္တာမရှိပါက ပါရမီမဆိုထားနှင့်၊ လောက၏ သာမာန်လုပ်ငန်း သာမာန်နယ်ပယ်၌ပင် ပြုလုပ် အောင်မြင်နိုင်ဘွယ်မရှိချေ။ အလွန်တရာမြင့်မြတ်ကြီးကျယ် ခမ်းနားလှသောပါရမီလုပ်ငန်းကြီးကိုလုပ်ရာဝယ် ထိုမျှဤမျှ စစ်မှန် ကြီးမားလှသော ချစ်မေတ္တာမပါ မရှိလျှင် မည်သို့လျှင်အတူတွဲ၍ ပါရမီဖြည့်နိုင်ပါတော့မည်နည်း။ ပါရမီဖြည့်ကြမည့်သူတို့ နှစ်ဦးနှစ်ဘက် အပြန်အလှန် ချစ်မေတ္တာရှိမှသာလျှင် လောကကောင်းကျိုးအတွက် အတူတွဲ၍ အရာရာကို စွန့်လွှတ်အနစ်နာခံကာ ပါရမီလုပ်ငန်းကို အဟုတ်တမ်း ကြိုးပမ်းနိုင်ကြပေမည်။ ထို့ကြောင့် အတူတွဲ၍ ပါရမီဖြည့်ဘို့အရေးဝယ် ထိုပါရမီနှင့်ချစ်မေတ္တာနှစ်ခုတွင် ချစ်မေတ္တာသည် မူလ အစ ပထမ ဖြစ်သည် ဟု မှတ်ယူ
ထင်မြင်သုံးသပ်မိ၏။( မှတ်ချက်။ ဘုရားအလောင်းတော်၏ မဟာကရုဏာတော်ကြောင့် ဘုရားဖြစ်ဘို့ရန်စိတ်ထက်သန်တော်မူပုံနှင့် သုမေဓာနှင့် သုမိတ္တာတို့နှစ်ဦး၏ ချစ်မေတ္တာကြောင့် အတူတွဲ၍ ပါရမီ ဖြည့်နိုင်ပုံကိုမရောထွေးစေချင်ပါ။ မရောထွေးသင့်။ ဤစကား ဤစာနှင့်ပတ်၍ မရှင်းပါက မေးနိုင်ပါသည်။ ) သို့ဖြစ်၍ အရင်းခံစစ်မှန်သော ချစ်မေတ္တာကြောင့်ပင် ပါရမီလုပ်ငန်းကို အဟုတ်တမ်းတွဲ၍ ဖြည့်နိုင်ခဲ့ကြသည်ဟု မိမိယုံကြည်နားလည်မိပါ၏။ မှန်၏။ အချစ်သည် သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက နိဗ္ဗာန်ထိပို့ဆောင်ပေးနိုင်ကြောင်းပဋ္ဌာန်းတရားတော်တွင်လည်းတိုက်ရိုက်လာပါ၏။ ထို့ပြင် သုမိတ္တာအမျိုးသမီးလေး၏ သုမေဓာရှင်ရသေ့ပေါ် ချစ်မေတ္တာဖြင့်အရာရာကို ကျေနပ်ကြည်နူးစွာ ဖြည့်ဆည်းပေးနိုင်ဘို့အရေး ပါရမီဖြည့်ဘက်အဖြစ်ဖြင့်ပါဝင်လာနိုင်ခြင်း၏ အကြောင်းကိုလည်း ယသောဓရာထေရီပါဒါန်တွင် ဤသို့ဆိုပါ၏။
Näytetään tekstit, joissa on tunniste ဘာသာရေး. Näytä kaikki tekstit
Näytetään tekstit, joissa on tunniste ဘာသာရေး. Näytä kaikki tekstit
sunnuntai 23. lokakuuta 2011
lauantai 22. lokakuuta 2011
ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၇ )
ဤ သုမေဓာချစ်သားသည် နောင်အခါ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းရောက်သောကာလ၌ ဘဒ္ဒကမ္ဘာဝယ် သိစရာမှန်သမျှ ကြွင်းမဲ့ဥဿုံအလုံးစုံသိမြင်တော်မူသည့် ဘုရားအဖြစ်သို့ရောက်ရှိချိမ့်မည်၊ ဤ သုမိတ္တာ ချစ်သမီးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဘက်အဖြစ်ဖြင့် ပါဝင်ဖြည့်ဆည်းလိမ့်မည် ဟူ၍။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ ယနေ့ကိုးကွယ်ဆည်းကပ်နေကြသော
ဂေါတမဘုရားရှင်၏ သာသနာတော်သည် ဤသို့ဗျာဒိတ်တော်ကိုခံယူရာမှ အစပြုခဲ့လေ၏။ ဒီပင်္ကရာဘုရားရှင်၏ ဗျာဒိတ်တော်သည် ယနေ့သာသနာတော်ကို ကြိုတင်၍ အသိမှတ်ပြုခဲ့ခြင်းလည်းဖြစ်၏ ဟုဆိုနိုင်၏။ ထို့ပြင်ဤဗျာဒိတ်တော်ကို ခံယူသည့်အခမ်းအနားသည် ယနေ့သာသနာတော်၏ အစဦးဆုံးသော အခင်းအကျင်း ဖြစ်၏ ဟူ၍လည်းဆိုနိုင်ချိမ့်မည်ထင်၏။ ဤသို့သော ဗျာဒိတ်တော်ကို ဒီပင်္ကရာဘုရားရှင်အား ဖူးမြှော်
ကြည်ညိုကြသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကြားသိကြရသောအခါ စကြာဝဠာ၏ အနှိုင်းမဲ့ခေါင်းဆောင် သို့မဟုတ် သုံးဆယ့်တစ်ဘုံ၏ ခေါင်းဆောင်သည် ယခုပေါ်ပေါက်ချေပြီဟူ၍ များစွာ
နှစ်ထောင်းအားရဖြစ်ကြ၏။ ဝမ်းသာပီတိ အဖြစ်ကြီးဖြစ်ကြရ၏။ သူတို့၏ဝမ်းသာပီတိသည် အနှိုင်းအဆမဲ့၏၊ အလွန်တရာမြင့်မြတ်ဖြူစင်၏၊ သဂြိုင်္ဟ်စကားဖြင့်ပြောရလျှင် သောမနဿ သဟဂုတ်ဥာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိလေသာပွါးစီး အားကြီးရေးအတွက် ဝမ်းမြောက်ခြင်းမဟုတ်ဘဲ ကိလေသာကုန်ခန်း မြတ်ရဟန်း ( ဘုရား ) ဖြစ်ရေးအတွက်
ဝမ်းမြောက်ခြင်းကြောင့်ပင်ဖြစ်၏။ ထို့ပြင် နတ်ဗြဟ္မာအပေါင်းတို့သည် ဤသို့လည်း မျှော်လင့်ကြပြန်လေ၏။ အကယ်၍မိမိတို့သည် ဤဒီပင်္ကရာဘုရားရှင်လက်ထက်တော်၌ တရားထူးကိုမရခဲ့လျှင်
နောင်အခါဝယ် ဂေါတမဘုရားရှင်လက်ထက်တော်၌ တရားထူးကိုရရှိကြမည် ဟူ၍။ သူတို့၏ မျှော်လင့်တမ်းတချက်သည် မြင့်မြတ်ပေစွတကား။ အတုယူ အားကျထိုက်လေစွ။ စံပြုထိုက်လေစွတကား။ ယနေ့သာသနာတော်၏ မြစ်ဖျားခံရာ အစဦးဆုံး အခမ်းအနားသည် ဤမျှသာဖြစ်၏။ ဤအခမ်းအနားနှင့်ပတ်သက်၍ မိမိဤသို့ဆက်လက်၍ အတွေးပထျာဖြန့် စဉ်းစားခြင်း သံသရာချဲ့ဆန့်မိပါတော့၏။ လောကုတ္တရာမှလွဲ၍ လောက၏ နယ်ပယ်အသီးသီးတွင် ဘို့နှစ်ဘို့လိုအပ်၏။ ဘက်နှစ်ဘက်သည်ရှိ၏။ ထိုဘို့နှစ်ဘို့ ဘက်နှစ်ဘက် ညီညွတ်မျှတ ပြည့်စုံပါမှ ရလာဒ်တစ်ခု ထွက်ပေါ်လာမြဲဖြစ်၏။ အဆိုးနယ်ပယ်တွင်ဖြစ်စေ အကောင်းနယ်ပယ်တွင်ဖြစ်စေ သိပ္ပံပညာရပ် နယ်ပယ်တွင်ဖြစ်စေ ဝိဇ္ဇာပညာရပ် နယ်ပယ်တွင်ဖြစ်စေ အဆိုပါ ဘို့နှစ်ဘို့ ဘက်နှစ်ဘက်သည် မလွဲမသွေရှိသည်သာဖြစ်၏။ ထိုအရာကား ဖိုသဘာဝနှင့် မသဘာဝပင်တည်း။ တနည်းဆိုသော် ဖိုသတ္တိစွမ်းအင်နှင့် မသတ္တိစွမ်းအင်ပင်ဖြစ်ချေ၏။ ဤသတ္တိစွမ်းအင်နှစ်ခုသည် ဆန့်ကျင်ဘက်လည်းဖြစ်၏။ အလွန်အားကြီးသောဆွဲအားလည်းဖြစ်၏။ ထိုဆန့်ကျင်ဘက်ဆွဲအားတို့၏ ဟန်ချက်ညီညီဖြင့် ညီညွတ်ပေါင်းစည်းမိသောအခါ ရလာဒ်တစ်ခုသည် မုချဖြစ်ပေါ်လာရလေတော့၏။ လောကဓံတရားဟု အများသိနေကြသည့် ပေါများခြင်းနှင့် ရှားပါးခြင်း၊ ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်း၊ မိတ်ဆွေသင်္ဂဟ ပေါများခြင်းနှင့် အထီးကျန်ခြင်း ဟူသော ဒွန္ဒဒွန္ဒ အစုံအစုံသဘာဝတို့သည်လည်း မည်သည့်လောကီနယ်ပယ်တွင်မှ
ရှောင်လွှဲ၍မရဘဲ ထိုအစုံအစုံ သဘာဝတို့ကြောင့်ပင် အရာရာသည် ပြောင်းလဲ ဖြစ်ပျက် တိုးတက် ဆုတ်ယုတ်လျှက် ခရီးဆက်နေကြရခြင်းဖြစ်တော့၏။ ဤနေရာ၌ မိမိအဓိကတင်ပြလိုသည်မှာ ဆန့်ကျင်ဘက်တို့၏ အစုံအစုံသဘာဝဖြစ်ပါ၏။ သုံးဆယ့်တစ်ဘုံသားတို့အားကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ရရှိရေး ရည်မှန်းချက်ဖြင့် ဗျာဒိတ်တော်ကိုခံယူလျှက် ပါရမီတော်ဆယ်ပါးကို ကိုယ်တော်တိုင်ဖြည့်ကျင့်တော့မည်ဖြစ်သော ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် သုမိတ္တာမည်သော အမျိုးသမီးလေးပါဝင်လာသည်ကို အဘယ့်ကြောင့် လက်ခံဘိသနည်း။ ထို့်ပြင် ဒီပင်္ကရာဘုရားရှင်သည်လည်း အဘယ့်ကြောင့် တစ်ဦးတည်းမခွဲဘဲ နှစ်ဦးတွဲ၍ ဗျာဒိတ်ပေးခဲ့လေသနည်း။ အထူးသဖြင့် အလွန်ရှည်ကြာလှသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းဝယ် သူတို့ နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားသည် အလွန်ပင်ကြီးမားလှသည်ကို တွေ့ရ မြင်ရ သိရ ဖတ်ရ၏။ ထိုချစ်ခြင်း မေတ္တာတရားသည် ပါရမီတော်တို့ကြောင့်ကြီးမားလာလေသလော၊ သို့မဟုတ် သူတို့နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားကြောင့်ပင် ပါရမီတော်တို့ကို ဖြည့်ဆည်းနိုင်ခဲ့လေသလော။ ဤသို့သော လော များစွာ ဘိသနည်း အသီးသီးကို မိမိဘာသာ မေးခွန်းထုတ်၍ မိမိဘာသာ ဤသို့ဆက်လက်၍ အတွေးစိတ်ကူး မြူးမိပါတော့သတည်း။
( ဆက်ရန်......)
ရှောင်လွှဲ၍မရဘဲ ထိုအစုံအစုံ သဘာဝတို့ကြောင့်ပင် အရာရာသည် ပြောင်းလဲ ဖြစ်ပျက် တိုးတက် ဆုတ်ယုတ်လျှက် ခရီးဆက်နေကြရခြင်းဖြစ်တော့၏။ ဤနေရာ၌ မိမိအဓိကတင်ပြလိုသည်မှာ ဆန့်ကျင်ဘက်တို့၏ အစုံအစုံသဘာဝဖြစ်ပါ၏။ သုံးဆယ့်တစ်ဘုံသားတို့အားကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ရရှိရေး ရည်မှန်းချက်ဖြင့် ဗျာဒိတ်တော်ကိုခံယူလျှက် ပါရမီတော်ဆယ်ပါးကို ကိုယ်တော်တိုင်ဖြည့်ကျင့်တော့မည်ဖြစ်သော ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် သုမိတ္တာမည်သော အမျိုးသမီးလေးပါဝင်လာသည်ကို အဘယ့်ကြောင့် လက်ခံဘိသနည်း။ ထို့်ပြင် ဒီပင်္ကရာဘုရားရှင်သည်လည်း အဘယ့်ကြောင့် တစ်ဦးတည်းမခွဲဘဲ နှစ်ဦးတွဲ၍ ဗျာဒိတ်ပေးခဲ့လေသနည်း။ အထူးသဖြင့် အလွန်ရှည်ကြာလှသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းဝယ် သူတို့ နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားသည် အလွန်ပင်ကြီးမားလှသည်ကို တွေ့ရ မြင်ရ သိရ ဖတ်ရ၏။ ထိုချစ်ခြင်း မေတ္တာတရားသည် ပါရမီတော်တို့ကြောင့်ကြီးမားလာလေသလော၊ သို့မဟုတ် သူတို့နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားကြောင့်ပင် ပါရမီတော်တို့ကို ဖြည့်ဆည်းနိုင်ခဲ့လေသလော။ ဤသို့သော လော များစွာ ဘိသနည်း အသီးသီးကို မိမိဘာသာ မေးခွန်းထုတ်၍ မိမိဘာသာ ဤသို့ဆက်လက်၍ အတွေးစိတ်ကူး မြူးမိပါတော့သတည်း။
( ဆက်ရန်......)
tiistai 11. lokakuuta 2011
ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၆ )
ထိုသူမ၏နာမည်ကားသုမိတ္တာ ဟူသတတ်။ ထိုနာမည်၏ အဓိပ္ပါယ်ကား မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အလွန်ချစ်ခင်တတ်သူ ဟူ၍ဖြစ်သတတ်။ မှန်၏၊ သုံးဆယ့်တစ်ဘုံသား အားလုံးအတွက် အလောင်းတော်အား ဘုရားဖြစ်စေရန် ကူညီ၍ ပါရမီဖြည့်ဆည်းပေးရမည့်သူသည် မိတ်ဆွေကောင်းဖြစ်နေပါမှ သို့မဟုတ် အများပြည်သူလူထု၏ အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အများပြည်သူလူထုကို ချစ်ခင်တတ်သူဖြစ်ပါမှ ပါရမီဖြည့်ဘက်ဖြစ်နိုင်ပေမည်။ ထိုသို့မဟုတ်ပါက သာမာန်အမျိုးသမီးဖြစ်သွားပေမည်။ ထိုဘုရားရှင်ကို ကြိုဆိုသည့် အခမ်းအနားတွင် ထိုသုမိတ္တာမည်သော အမျိုးသမီးငယ်လေးသည် ဒီပင်္ကရာဘုရားရှင်ကို လှုရန်အတွက် ကြာပန်းရှစ်ခိုင်ယူလာခဲ့လေ၏။ သူမ၏ အစပထမရည်ရွယ်ချက်သည် သူမကိုယ်တိုင် တစ်ဦးတည်း လှုဘို့ဖြစ်၏။ သို့သော် ဒီပင်္ကရာဘုရားရှင်အား သူ၏ခန္ဓာကိုယ်ကို တံတားခင်း၍လှုဒါန်းနေသော သုမေဓာရှင်ရသေ့ကို မြင်တွေ့ရသောအခါ သူမသည် လေးစားကြည်ညိုသွားလေ၏။ ယုံကြည်မှု၊ အားထားမှု၊ ချစ်ခင်မှု၊ ပူးပေါင်းဆောင်ရွက်လိုမှုနှင့် ပေးဆပ်ဖြည့်ဆည်းလိုမှုဟူသောဆန္ဒတို့သည်လည်း သူမ၏ရင်တွင်းသို့ အလိုအလျောက် ချင်းနင်းဝင်ရောက်လာခဲ့၏။ ထို့ကြောင့်ပင် သူမသည် လှုရန် ယူဆောင်လာခဲ့သော ကြာပန်းရှစ်ခိုင်အနက် သုံးခိုင်ကိုသာ သူမကိုင်ဆောင်လျှက် ကျန်ငါးခိုင်ကိုမူ သုမေဓာရှင်ရသေ့အား လိုလိုလားလားပင် ပေးလှုလိုက်လေ၏။ ဤနေရာတွင်မိမိ ဤသို့စဉ်းစားမိ၏။ အလောင်းတော်၏နာမည်ကား သုမေဓာ၊ အဓိပ္ပါယ်ကား ပညာပြည့်ဝ နှလုံးလှသူ သို့မဟုတ် စိတ်နှလုံးဖြူစင်လှသောပညာရှိ ဟူ၍ဖြစ်ပြီးလျှင် ကူညီ၍ ပါရမီဖြည့်မည့်သူ သုမိတ္တာ၏ အဓိပ္ပါယ်မှာ မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချင်ခင်တတ်သူဟု အဓိပ္ပါယ်ရှိသဖြင့် သူတို့နှစ်ဦး၏ အမည်နာမ ဗျူပ္ပတ်နှင့် လုပ်ရပ်တို့သည် အလွန်ပင်ညီညွတ်တိုက်ဆိုင် ကြလေ၏တကား ဟူ၍။ ထို့နောက် သုမေဓာမည်သော ရှင်ရသေ့နှင့် သုမိတ္တာမည်သော အမျိုးကောင်းသား အမျိုးကောင်းသမီးနှစ်ယောက်တို့သည် ဒီပင်္ကရာဘုရားရှင်အား နှစ်ယောက်ပေါင်း၍ ကြာပန်းရှစ်ခိုင်ကိုလှုဒါန်းခဲ့ကြ၏။ ထိုသို့လှုဒါန်းစဉ်တွင် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်၏ အနှိုင်းမဲ့အသရေတော်ကို ဖူးတွေ့ရသဖြင့်အလွန်အားကျကြည်ညိုမိတော့၏။ အထူးသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် ငရဲနှင့် တိရစ္ဆာအပါအဝင် သုံးဆယ့်တစ်ဘုံသူ ဘုံသားတို့အတွက် လောကီကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုးဤနှစ်မျိုးတို့ကို အနှိုင်းမဲ့သော ကရုဏာ၊ မေတ္တာ၊ ပညာတို့ဖြင့် အနှိုင်းမဲ့ဆောင်ရွက်တော်မူနိုင်သကဲ့သို့ သုမေဓာရှင်ရသေ့သည်လည်း လောကသားတို့၏ ကောင်းကျိုးမှန်သမျှကို သယ်ဆောင်လို ကယ်တင်လိုသော မဟာကရုဏာနှင့် ဆန္ဒတို့သည် အလွန်အမင်းပြင်းပြင်းပြပြဖြစ်တော်မူလေ၏။ အမှန်စင်စစ် ဘုရားဖြစ်လိုသောဆန္ဒသည် အလွန်အမင်းပြင်းပြထက်သန်လာလေ၏။ မှန်လှ၏။ ဘုရားဖြစ်မှသာလျှင် အသားအရောင် အမျိုးအနွယ် နေရာဒေသ နိုင်ငံ ဘုံဌာန အဆင့်အလွှာ စသော လောကသားတို့၏ အပေါ်ယံအမြင်တို့ကို မရှုမြင် မခွဲခြားဘဲ သတ္တဝါတိုင်း၏ ပါရမီ အနုအရင့် အဆင့်အတန်းကိုသာ ကြည့်ရှုဆင်ခြင်တော်မူ၍ လောက ကောင်းကျိုးနှင့် လောကုတ္တရာ ကောင်းကျိုး ထိုနှစ်မျိုးတို့ကို အနှိုင်းမဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပါ၏။ ထို့ကြောင့်ပင် သူသည်ဘုရားဖြစ်လိုစိတ် ထက်သန်ပြင်းပြခြင်းပင်ဖြစ်၏။ ထို့ပြင်သုမိတ္တာမည်သော အမျိုးသမီးကောင်းလေးသည်လည်း သုမေဓာရှင်ရသေ့နှင့် သံသရာတစ်လျှောက် ဘဝဆက်တိုင်းတွင် ဘုရားဖြစ်သည်အထိ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါးမျှဝေ၍ အတူတကွ ဆောင်ရွက်လိုသော ပါရမီဖြည့်လိုစိတ်တို့သည်လည်း တားမနိုင်ဆီးမရ ဖြစ်ပေါ်လာလေတော့၏။ အမှန်စင်စစ် သူတို့နှစ်ယောက်လုံး၏ အသိဥာဏ်နှင့် စိတ်သန္တာန်တွင် သို့မဟုတ် ဦးနှောက်နှင့်နှလုံးသားတို့တွင် မိမိတို့၏ အရာရာကို စွန့်လွှတ်ပေးဆပ်၍ လောကကောင်းကျိုးလုပ်ဆောင်ရန် အလွန်အမင်းစိတ်သန် ခံယူ ခံစားလျှက်ရှိကြ၏။ ဤသည်မှာ သူတို့နှစ်ဦး၏ လောကအပေါ်ထားရှိသော မဟာကရုဏာနှင့် အသိဥာဏ်ပညာပင်ဖြစ်တော့၏။ ဤနေရာ၌ ဘုရားအလောင်းတော် သုမေဓာ၏ မဟာကရုဏာနှင့် ပညာသည်ပို၍ပြဋ္ဌာန်းအားကြီးလှသည်ကိုမမေ့သင့်ပေ။ မှန်၏။ လောကကောင်းကျိုးကို သယ်ပိုးရာတွင် ကရုဏာနှင့်ပညာသည် မရှိမဖြစ်လိုအပ်ပါ၏။ ကရုဏာသာရှိ၍ ပညာမပါလျှင် ထိုထိုလုပ်ရပ်တို့သည် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတတ်ပါ၏။ စေတနာကောင်းရှိသော်လည်း နည်းလမ်းမှားသဖြင့် ကောင်းကျိုးမရ ဆိုးကျိုးဖြစ်ရတတ်သည်ဟု ဆိုလိုပါ၏။ တစ်ဖန် ပညာသာရှိ၍ ကရုဏာမပါလျှင်လည်း အကြင်နာမဲ့၍ ရက်စက်ကြမ်းကြုတ်တတ်သဖြင့် လောကသားများ၏ အားထားရာသဖွယ်မဖြစ်ဘဲ ဆိုးကျိုးများကို ခံစားရတတ်ပါ၏။ ထို့ကြောင့် လောကကောင်းကျိုးကို ဆောင်ရွက်ရာတွင် ကရုဏာနှင့်ပညာသဘောတရားတို့သည် အမှန်တကယ်လိုအပ်လှပါ၏။ သို့မှသာလျှင် လောကသားတို့အတွက် စစ်မှန်သော ကောင်းကျိုးချမ်းသာများကို ခံစားကြရမည်ဖြစ်ပါ၏။ ထိုသူနှစ်ယောက်တို့၏ ထိုအခြင်းအရာအားလုံးကို ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်ဖြင့်သိတော်မူလေ၏။ ထို့ပြင် သုမေဓာရှင်ရသေ့၏ အနာဂတ်ကို ဆင်ခြင်တော်မူသောအခါ၌လည်း နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာသောကာလဝယ် ဘဒ္ဒကမ္ဘာ၌ ဂေါတမအနွယ်တော်ဖြင့် ဘုရားအဖြစ်သို့အမှန်မုချ ရောက်ရှိမည်ဖြစ်ကြောင်းကိုလည်းသိတော်မူသည့်အပြင် သုမိတ္တာအမျိုးကောင်းသမီးလေးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဖက်အဖြစ်ဖြင့် မလွဲမသွေပါဝင်ဖြည့်ဆည်းလိမ့်မည်ဖြစ်ကြောင်းတို့ကိုလည်း သိမြင်တော်မူလေ၏။ ထို့ကြောင့်ပင် ဘုရားရှင်က သူတို့နှစ်ဦးအား ဤသို့ ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။
( ဆက်ရန်......)
( ဆက်ရန်......)
tiistai 20. syyskuuta 2011
ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၃ )
ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ၊ သူတစ်ပါး ဆင်းရဲဒုက္ခဖြစ်သောအခါ သူတော်ကောင်းတို့၏ စိတ်နှလုံးကို တုန်လှုပ်စေတတ်သောကြောင့် ကရုဏာ ( သနားခြင်း ) မည်၏ ဟု အဖြောင့်အဓိပ္ပါယ်ဖြစ်၏။ ဤနေရာနှိုက် (စာမရိုက်တတ်ပါ) တုန်လှုပ်စေတတ် ဟူသည် ကြောက်ရွံ့ ထိတ်လန့်သောကြောင့် တုန်လှုပ်ချောက်ခြားသည်ဟု မဆိုလို၊ နဂိုမူရင်း ဖြစ်နေသောပုံမှန်စိတ်မှ ကယ်တင်လို ကူညီလိုသော မြင့်မြတ်သည့်စိတ်ထားသို့ပြောင်းလဲလာခြင်းကို တုန်လှုပ်စေတတ် ဟုဆိုလို၏။ မှန်၏၊ သူတော်ကောင်း စိတ်နှလုံးရှိသူတို့သည် သူတစ်ပါးဆင်းရဲသည်ကို မြင်ရသောအခါ သနား၏၊ ကူညီဖေးမလို၏၊ ကယ်တင်လို၏၊ ပေးဆပ်ချင်၏၊ ဤသည်မှာ ကရုဏာ၏ သဘောသဘာဝ၊ ကရုဏာ၏ အနက်အဓိပ္ပါယ်ဖြစ်၏။ တစ်ဖန် နောက်တစ်နည်းအနေဖြင့် အဓိပ္ပါယ်ဖွင့်ဆိုမှုလည်းရှိသေး၏။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ၊ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ပေးတတ်သောကြောင့် ကရုဏာမည်၏ ဟုအဖြောင့်အဓိပ္ပါယ်ဖြစ်၏။ ဤဖွင့်ဆိုမှုအရလည်း အနှစ်သာရ စကားကျ အဓိပ္ပါယ်အားဖြင့် အထက်ပါနည်းနှင့် အတူတူပင်ဖြစ်၏။ ပါဠိသဒ္ဒါသဘောအရသာကွဲပြား၏။ ဤသည်မှာ သာမာန်ကရုဏာ၏ သဘောမျှသာဖြစ်၏။ မဟာကရုဏာ မဟုတ်။ မဟာကရုဏာ၏သဘောကား အလွန်မြင့်မြတ်ကြီးကျယ်သောသနားခြင်း၊အစဉ်အမြဲကိုယ်ကျိုးကိုစွန့်၍ လောကကောင်းကျိုးကိုသာ ဆောင်ရွက်လိုခြင်း၊မိမိအရေးထက် သူတစ်ပါးအရေးကိုသာ ပို၍ အလေးပေးဆောင်ရွက်လိုခြင်း သဘောဖြစ်၏။ မှန်လှ၏။ ထိုမဟာကရုဏာကြောင့်ပင် သုမေဓာရှင်ရသေ့သည် သူရသင့်ရထိုက်သောအခွင့်အရေးလည်းဖြစ်၊ ရနိုင်သော အခြေအနေနှင့်စွမ်းရည်တို့လည်းအပြည့်အဝရှိတော်မူပါလျက်နှင့် ထိုအခွင့်အရေးနှင့်စွမ်းရည်တို့ကို တွန့်ဆုတ်ခြင်းအလျဉ်းမရှိ ရဲရဲရင့်ရင့် ပြတ်သားစွာ စွန့်လွှတ်လိုက်၏။ ထိုအခွင့်အရေးနှင့်စွမ်းရည်ကား အခြားမဟုတ်၊ ထိုဘဝမှာပင် ရရှိရောက်ရှိနိုင်သော ရဟန္တာအဖြစ်နှင့် ပါရမီထူးတို့ပင်တည်း။ သူသည်သံသရာဝဲဩဃဟုဆိုအပ်သော ဘုံအထပ်ထပ်နှိုက် အရောင်အသွေး အဆင့်အတန်း အတိုင်းအတာအားဖြင့် စုံလင်များပြားလှသော ရုပ်ပိုင်းရော စိတ်ပိုင်းပါ ခံစားတွေ့ကြုံနေရသည့် အလွန်ပူပြင်းလှသော ဝေဒနာပင်လယ်တွင် နစ်မွန်းမျောပါနေကြကုန်သော သတ္တဝါအပေါင်းကို ကယ်တင်လို၏။ အေးချမ်းစေလို၏၊ ထိုကယ်တင်လို ပေးဆပ်ဖြည့်ဆည်းပေးလိုသောဆန္ဒသည် လူမျိုး၊အသားအရောင်၊နေရာဒေသ၊ နိုင်ငံ၊ ဘုံဌာန၊ အချိန်ကာလ၊အလွှာအတန်းအစား ဘာကိုမှမခွဲခြားဘဲ စကြာဝဠာတစ်ခုလုံးကို ကယ်တင်ပေးလိုသည့် အလွန်ပြင်းပြအားကြီးသော ကုသိုလ်ဆန္ဒာဓိပတိဖြစ်၏။ ထို့ကြောင့်ပင် ထိုစိတ်ထိုဆန္ဒသည် မဟာကရုဏာဖြစ်ပါပေ၏။ ထိုမဟာကရုဏာတော်ဖြင့်ကယ်တင်လိုခြင်းမှာလည်း တဒင်္ဂအေးချမ်းစေရန်ကယ်တင်လိုခြင်းမဟုတ်၊ တစ်ဘဝအတွက် ကယ်တင်လိုခြင်းလည်းမဟုတ်၊ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ အပြီးအပိုင် ထာဝရ အေးချမ်းမှုရှိသော နိဗ္ဗာန်တိုင်အောင် ကယ်တင်ပို့ဆောင်လိုခြင်းဖြစ်၏။ ထိုမဟာကရုဏာတော်ကြောင့်ပင် သူ့ဘဝ၏အရာရာကို ဂဏန်းသင်္ချာရေတွက်၍ မရနိုင်လောက်အောင် စွန့်လွှတ်ခဲ့၏။ အနစ်နာခံခဲ့၏။ ဖြည့်ဆည်းခဲ့၏။ အားထုတ်ခဲ့၏။ ထိုစွန့်လွှတ်မှုတို့ကို အကျဉ်းအားဖြင့်ဖေါ်ပြရသော်ဤသို့ဖြစ်၏။ လောကအတွက် သူစွန့်လွှတ်ခဲ့ရသော မျက်လုံးတို့ကို တိုင်းတာကြည့်ပါက ကောင်းကင်မှ နက္ခတ်ကြယ်တာရာအရေအတွက်ကား နည်းပါးကောင်းနည်းပါးပေမည်၊ သူစွန့်လွှတ်လှုဒါန်းခဲ့သော မျက်လုံးများကား ထိုထက်မက များပြားလှ၏။ သူလှုခဲ့သော သွေးတို့ကို ချိန်စက်ကြည့်ပါက သမုဒ္ဒရာတွင်ရှိသော ရေများကနည်းပါးကောင်းနည်းပါးပေမည်၊ သူလှုဒါန်းခဲ့သော သွေးများကား ထို့ထက်မက များပြားလှ၏။ ထို့ပြင် သူလှုခဲ့သော အသားတို့ကို ပုံလိုက်ပါက ယူဇာနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သည့် မြင့်မိုရ်တောင်သည် နိမ့်သွားနိုင်၏။ သူလှုခဲ့သော အသားတို့ကား ထို့ထက်မက များပြားလှပါ၏။ ထို့ပြင် သူ၏စည်းစိမ် ဇနီးမယား သမီးသားပါမကျန်စွန့်လွှတ်မှုအနန္တဖြစ်ခဲ့၏။ ဤသည်မှာ ဒါနတစ်ခုတည်းကိုကွက်၍ပြောခြင်းဖြစ်၏။ အမှန်စစ်စစ် ပါရမီဆယ်ပါးကို ပြည့်စုံအောင်ဖြည့်ကျင့်ခဲ့ရ၏။ ထိုဖြည့်ဆည်း စွန့်လွှတ် အနစ်နာခံမှုသည် အချိန်ကာလအားဖြင့်တွက်စစ်ကြည့်လျှင် ဤကမ္ဘာမှနောက်ပြန်ရေတွက်ပါက လွန်ခဲ့သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှစခဲ့၏။ စွန့်လွှတ်ဖြည့်ဆည်းခဲ့ရသည့်အချိန်ကာလသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထိတိုင်ကြာမြင့်ခဲ့သည် ဟုဆိုလိုပါ၏။ ထို့ကြောင့်ယခုလက်ရှိမိမိတို့ဆည်းကပ်ယုံကြည်ကိုးကွယ်နေသော ဗုဒ္ဓဘာသာသည် ကာလအားဖြင့် လွန်ခဲ့သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်မှ အမြုတေအဖြစ်နှင့်စတင်တည်ရှိခဲ့၏။ စတင်ခဲ့ပုံ ဇာတ်လမ်းအကျဉ်းကားဤသို့ဖြစ်၏။
sunnuntai 11. syyskuuta 2011
ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁ )
ယနေ့လူသားများ ကိုးကွယ်ယုံကြည်နေကြသော ဘာသာတရားများ ထွန်းကားလာသည်မှာ နှစ်ကာလအရေအတွက်အားဖြင့် တွက်စစ်ကြည့်သော် နှစ်ပေါင်း သုံးထောင်ခန့်မျှရှိပြီဟု အကြမ်းဖျင်းအားဖြင့်ဆိုနိုင်လေ၏။ ဤခန့်မှန်းမှုသည် ယနေ့ဖြစ်တည်နေသော ဘာသာကြီးများအနက် အစောဆုံးဖြစ်သော ဟိန္ဒူဘာသာကို ရည်ညွှန်းခြင်းဖြစ်၏။ ထို့်နောက် ရှေးခေတ် အိန္ဒိယနိုင်ငံတွင် မြောက်များလှစွာသော ဘာသာတရားများ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ ပေါ်ပေါက်ခဲ့ကြ၏။ ထိုသို့ပေါ်ပေါက်ခဲ့သောဘာသာတရားများအနက် ဗုဒ္ဓဘာသာသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့၏။ ဤကမ္ဘာတွင် ဗုဒ္ဓဘာသာပေါ်ပေါက်လာသည်မှာ ယနေ့အထိဆိုလျင် နှစ်ပေါင်း ၂၆၀၀ တင်းတင်းပင်ပြည့်ပေတော့မည်။ ယခုနှစ်လာမည့် ကဆုန်လပြည့်နေ့ နံနက်လင်းအားကြီးအချိန်တွင် ဗုဒ္ဓဘာသာ၏သက်တမ်း နှစ်ပေါင်း ၂၆၀၀ တိတိပြည့်ပေတော့မည်။ စတင်ပေါ်ပေါက်ခဲ့သော နေရာဒေသကား ယနေ့ခေတ်ပထဝီအရ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာခရိုင် ဗုဒ္ဓဂယာအရပ်ဒေသဖြစ်၏။ ဤဗုဒ္ဓဘာသာကို တည်ထောင်သူမှာ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်၊ မိမိတို့လူသားများ မမြင်နိုင်သော ကောင်းကင်ဘုံမှ ဖန်ဆင်းရှင် တန်ခိုးရှင်တစ်ဦးလည်းမဟုတ်၊ တမာန်တော် တစ်ယောက်ကို ဘာသာတည်ထောင်ရန် အမိန့်ပေးစေလွှတ်ပြီး ခိုင်းသမျှကို အလိုတော်ကျ မလိုက်နာပါက လူသားများအား ဆဲရေးကြိမ်းမောင်း အပြစ်ပေး ခြိမ်းခြောက်၍ ဘာသာတည်ထောင်သူလည်းမဟုတ်၊ အဟုတ်စင်စစ်သော်ကား လူသားမိဘနှစ်ပါးမှ မွေးဖွားလာသည့် ထိပ်တန်းအရည်အသွေးပြည့်ဝလှသော အနှိုင်းမဲ့ လူသားစစ်စစ်တစ်ယောက်သာဖြစ်ချေ၏။ သူသည်အနှစ်သာရကင်းမဲ့၍ ကောင်းကျိုးမဲ့ကိုဖြစ်စေသော ရှေးဟောင်းအယူဝါဒ အမူအကျင့်နှင့် ယာဉ်ကျေးမှုတို့ကို မည့်သူ့ကိုမျှမထိခိုက်မနစ်နာစေဘဲ ရဲရဲရင့်ရင့်တော်လှန်ခဲ့သူ မဟာလူသားဖြစ်၏။ ထို့ပြင် ရေတိုရေရှည် ပစ္စက္ခ တမလွန်နှစ်တန်သော ကာလတို့ဝယ် လောကကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုး ထိုနှစ်မျိုးကို လူသားအပါအဝင် လောကသားအများခံစားနိုင်စေရန် အနှိုင်းမဲ့သင်ကြားချက်များကို သင်ပြပေးခဲ့သူ လူထဲက မဟာလူသားစစ်စစ်သာဖြစ်လေ၏။ သူကားအခြားမဟုတ် သဗ္ဗညုတဥာဏ်ရှင် မြတ်ဗုဒ္ဓပင်ဖြစ်တော့၏။ သူ၏မွေးဖွားရာဇာတိကား ယနေ့ခေတ်ပထဝီအရ နီပေါနိုင်ငံ လုမ္ဗိနီအရပ်ဖြစ်၏။ ဘုရားမဖြစ်မီ သူ၏ငယ်နာမည်မှာ သိဒ္ဓတ္ထဖြစ်၏။ သူ၏ အနွယ်တော်မှာ ဂေါတမဖြစ်ပြီးလျှင် မျိုးရိုးကား မင်းမျိုးဖြစ်၍ စကြာဝတေးမင်းဖြစ်ရမည့် စွမ်းရည်ပြည့် စကြာဝတေးမင်းလောင်း အိမ်ရှေ့မင်းသားတစ်ပါးလည်းဖြစ်၏။ ထို့ပြင် သူ့တွင်ရုပ်ရည်အားဖြင့် အလွန်ချောမောလှပတင့်တယ်၍ နှလုံးရည် ဥာဏ်ရည်တို့နှင့်လည်း ပြည့်ဝသော ကြင်ယာသက်ထား ယသောဓရာမင်းသမီးလည်းရှိ၏။ သူ၏ရုပ်ပိုင်းပိုင်ဆိုင်မှုများကား များပြားလှ၏။ သက်ရှိရော သက်မဲ့ပါ အားလုံးပါဝင်၏။ သူပိုင်ဆိုင်သမျှအရာရာကို ယတိပြတ်စွန့်လွှတ်ပြီးလျှင် လောကမှလွန်မြောက်ရာ လောကုတ္တရာတရားကို မရမနေဇွဲစိတ်ဇွဲမာန်ဖြင့် ခြောက်နှစ်တိုင်တိုင် ကြိုးစားရှာဖွေခဲ့၏။ ထိုသို့ရှာဖွေရင်း လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ နီးပါးက အိန္ဒိယနိုငံ ဗုဒ္ဓဂယာ မဟာဗောဓိညောင်ပင်အောက်ဝယ် သိစရာမှန်သမျှကို တစ်စမကျန် အကုန်အစင်သိမြင်တော်မူသဖြင့် သဗ္ဗညုတဥာဏ်ရှင် မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့၏။ ထိုသို့ဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက် ဗုဒ္ဓဂယာဒေသဝယ် သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်သောသူကို လောလောဆယ်တွင် မတွေ့မမြင်ရသောကြောင့် သစ္စာကိုသိမြင်စွမ်းနိုင်မည့်သူရှိရာ ဗာရာဏသီမြို့ မိဂဒါဝုန်တောသို့ကြွတော်မူ၍ ဓမ္မစကြာတရားဦးဒေသနာကို ပဉ္စဝဂ္ဂီငါးပါးတို့အား ဟောကြားတော်မူခဲ့၏။ ထိုတရားတော်သည် မြတ်ဗုဒ္ဓ၏ အဦးဆုံးသောတရားတော်လည်းဖြစ်သလို ဗုဒ္ဓဘာသာတို့၏ရည်မှန်းချက်စစ်စစ်လည်းဖြစ်၏။ ထိုသို့ဟောကြားတော်မူသည်မှစ၍ ဤကမ္ဘာဝယ် ဗုဒ္ဓတရားတော်များယနေ့ထိတိုင် စတင်ပြန့်နှံ့ခဲ့တော့၏။ ယနေ့ကမ္ဘာဝယ် မြတ်ဗုဒ္ဓ၏တရားတော်များသည် အသိပညာရှင်လူတန်းစား၏ စားမြိန်အာဟာရဖြစ်လာနေ၏။စစ်မှန်သောငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူတိုင်း၏ ကျင့်စဉ်လည်းဖြစ်၏။ လူသားသည်မိမိတို့လိုလားတောင့်တချက်ကို မိမိတို့လူသားကိုယ်တိုင် အမိအပိုင် လက်ဆုပ်လက်ကိုင် လက်တွေ့ကျကျ ရယူနိုင်စေရန်သင်ကြားပေးထားသော သင်ကြားချက်များလည်းဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားတော်များသည် ဗုဒ္ဓဘာသာဖြစ်၏။ ဗုဒ္ဓသာသနာလည်းဟုတ်၏။ ထိုဘာသာ ထိုသာသနာ၏ဇစ်မြစ်ကို တူးဆွရှာဖွေကြည့်သောအခါ အကြမ်းဖျင်းအနေဖြင့် ပါရမီဆယ်ပါးကိုတွေ့ရမည်ဖြစ်၏။ မှန်၏။ ထိုပါရမီဆယ်ပါးကို မကျင့်မဖြည့်လျှင် ဗုဒ္ဓဘာသာသည် မည်သို့ပေါ်ပေါက်လာနိုင်ပါမည်နည်း။ ပေါ်ပေါက်လာဖွယ်ရာအကြောင်းလုံးဝမရှိနိုင်ချေ။ သို့ဆိုလျှင် ပါရမီဆယ်ပါးကို မည်သည့်အတွက်ကြောင့်ဖြည့်ကျင့်ရပါသနည်း။ ပါရမီဆယ်ပါး အကျင့်မြတ်တရားကို ဖြည့်ကျင့်ရခြင်း၏ အကြောင်းကား ဘာဖြစ်သနည်း၊ ရည်ရွယ်ချက်ကား အသို့နည်း စသည်ဖြင့် ဆက်လက်တူးဆွရှာဖွေ သုတေသနလုပ်ဖို့လိုလာပေ၏။
Tilaa:
Blogitekstit (Atom)