tiistai 20. syyskuuta 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၃ )

ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ၊ သူတစ်ပါး ဆင်းရဲဒုက္ခဖြစ်သောအခါ သူတော်ကောင်းတို့၏ စိတ်နှလုံးကို တုန်လှုပ်စေတတ်သောကြောင့် ကရုဏာ ( သနားခြင်း ) မည်၏ ဟု အဖြောင့်အဓိပ္ပါယ်ဖြစ်၏။ ဤနေရာနှိုက် (စာမရိုက်တတ်ပါ) တုန်လှုပ်စေတတ် ဟူသည် ကြောက်ရွံ့ ထိတ်လန့်သောကြောင့် တုန်လှုပ်ချောက်ခြားသည်ဟု မဆိုလို၊ နဂိုမူရင်း ဖြစ်နေသောပုံမှန်စိတ်မှ ကယ်တင်လို ကူညီလိုသော မြင့်မြတ်သည့်စိတ်ထားသို့ပြောင်းလဲလာခြင်းကို တုန်လှုပ်စေတတ် ဟုဆိုလို၏။ မှန်၏၊ သူတော်ကောင်း စိတ်နှလုံးရှိသူတို့သည် သူတစ်ပါးဆင်းရဲသည်ကို မြင်ရသောအခါ သနား၏၊ ကူညီဖေးမလို၏၊ ကယ်တင်လို၏၊ ပေးဆပ်ချင်၏၊ ဤသည်မှာ ကရုဏာ၏ သဘောသဘာဝ၊ ကရုဏာ၏ အနက်အဓိပ္ပါယ်ဖြစ်၏။ တစ်ဖန် နောက်တစ်နည်းအနေဖြင့် အဓိပ္ပါယ်ဖွင့်ဆိုမှုလည်းရှိသေး၏။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ၊ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ပေးတတ်သောကြောင့် ကရုဏာမည်၏ ဟုအဖြောင့်အဓိပ္ပါယ်ဖြစ်၏။ ဤဖွင့်ဆိုမှုအရလည်း အနှစ်သာရ စကားကျ အဓိပ္ပါယ်အားဖြင့် အထက်ပါနည်းနှင့် အတူတူပင်ဖြစ်၏။ ပါဠိသဒ္ဒါသဘောအရသာကွဲပြား၏။ ဤသည်မှာ သာမာန်ကရုဏာ၏ သဘောမျှသာဖြစ်၏။ မဟာကရုဏာ မဟုတ်။ မဟာကရုဏာ၏သဘောကား အလွန်မြင့်မြတ်ကြီးကျယ်သောသနားခြင်း၊အစဉ်အမြဲကိုယ်ကျိုးကိုစွန့်၍ လောကကောင်းကျိုးကိုသာ ဆောင်ရွက်လိုခြင်း၊မိမိအရေးထက် သူတစ်ပါးအရေးကိုသာ ပို၍ အလေးပေးဆောင်ရွက်လိုခြင်း သဘောဖြစ်၏။ မှန်လှ၏။ ထိုမဟာကရုဏာကြောင့်ပင် သုမေဓာရှင်ရသေ့သည် သူရသင့်ရထိုက်သောအခွင့်အရေးလည်းဖြစ်၊ ရနိုင်သော အခြေအနေနှင့်စွမ်းရည်တို့လည်းအပြည့်အဝရှိတော်မူပါလျက်နှင့် ထိုအခွင့်အရေးနှင့်စွမ်းရည်တို့ကို တွန့်ဆုတ်ခြင်းအလျဉ်းမရှိ ရဲရဲရင့်ရင့် ပြတ်သားစွာ စွန့်လွှတ်လိုက်၏။ ထိုအခွင့်အရေးနှင့်စွမ်းရည်ကား အခြားမဟုတ်၊ ထိုဘဝမှာပင် ရရှိရောက်ရှိနိုင်သော ရဟန္တာအဖြစ်နှင့် ပါရမီထူးတို့ပင်တည်း။ သူသည်သံသရာဝဲဩဃဟုဆိုအပ်သော ဘုံအထပ်ထပ်နှိုက် အရောင်အသွေး အဆင့်အတန်း အတိုင်းအတာအားဖြင့် စုံလင်များပြားလှသော ရုပ်ပိုင်းရော စိတ်ပိုင်းပါ ခံစားတွေ့ကြုံနေရသည့် အလွန်ပူပြင်းလှသော ဝေဒနာပင်လယ်တွင်  နစ်မွန်းမျောပါနေကြကုန်သော သတ္တဝါအပေါင်းကို ကယ်တင်လို၏။ အေးချမ်းစေလို၏၊ ထိုကယ်တင်လို ပေးဆပ်ဖြည့်ဆည်းပေးလိုသောဆန္ဒသည် လူမျိုး၊အသားအရောင်၊နေရာဒေသ၊ နိုင်ငံ၊ ဘုံဌာန၊ အချိန်ကာလ၊အလွှာအတန်းအစား ဘာကိုမှမခွဲခြားဘဲ စကြာဝဠာတစ်ခုလုံးကို ကယ်တင်ပေးလိုသည့် အလွန်ပြင်းပြအားကြီးသော ကုသိုလ်ဆန္ဒာဓိပတိဖြစ်၏။ ထို့ကြောင့်ပင် ထိုစိတ်ထိုဆန္ဒသည် မဟာကရုဏာဖြစ်ပါပေ၏။ ထိုမဟာကရုဏာတော်ဖြင့်ကယ်တင်လိုခြင်းမှာလည်း တဒင်္ဂအေးချမ်းစေရန်ကယ်တင်လိုခြင်းမဟုတ်၊ တစ်ဘဝအတွက် ကယ်တင်လိုခြင်းလည်းမဟုတ်၊ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်း၍ အပြီးအပိုင် ထာဝရ အေးချမ်းမှုရှိသော နိဗ္ဗာန်တိုင်အောင် ကယ်တင်ပို့ဆောင်လိုခြင်းဖြစ်၏။ ထိုမဟာကရုဏာတော်ကြောင့်ပင် သူ့ဘဝ၏အရာရာကို ဂဏန်းသင်္ချာရေတွက်၍ မရနိုင်လောက်အောင် စွန့်လွှတ်ခဲ့၏။ အနစ်နာခံခဲ့၏။ ဖြည့်ဆည်းခဲ့၏။ အားထုတ်ခဲ့၏။ ထိုစွန့်လွှတ်မှုတို့ကို အကျဉ်းအားဖြင့်ဖေါ်ပြရသော်ဤသို့ဖြစ်၏။ လောကအတွက် သူစွန့်လွှတ်ခဲ့ရသော မျက်လုံးတို့ကို တိုင်းတာကြည့်ပါက ကောင်းကင်မှ နက္ခတ်ကြယ်တာရာအရေအတွက်ကား နည်းပါးကောင်းနည်းပါးပေမည်၊ သူစွန့်လွှတ်လှုဒါန်းခဲ့သော မျက်လုံးများကား ထိုထက်မက များပြားလှ၏။ သူလှုခဲ့သော သွေးတို့ကို ချိန်စက်ကြည့်ပါက သမုဒ္ဒရာတွင်ရှိသော ရေများကနည်းပါးကောင်းနည်းပါးပေမည်၊ သူလှုဒါန်းခဲ့သော သွေးများကား ထို့ထက်မက များပြားလှ၏။ ထို့ပြင် သူလှုခဲ့သော အသားတို့ကို ပုံလိုက်ပါက ယူဇာနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သည့် မြင့်မိုရ်တောင်သည် နိမ့်သွားနိုင်၏။ သူလှုခဲ့သော အသားတို့ကား ထို့ထက်မက များပြားလှပါ၏။ ထို့ပြင် သူ၏စည်းစိမ် ဇနီးမယား သမီးသားပါမကျန်စွန့်လွှတ်မှုအနန္တဖြစ်ခဲ့၏။ ဤသည်မှာ ဒါနတစ်ခုတည်းကိုကွက်၍ပြောခြင်းဖြစ်၏။ အမှန်စစ်စစ် ပါရမီဆယ်ပါးကို ပြည့်စုံအောင်ဖြည့်ကျင့်ခဲ့ရ၏။  ထိုဖြည့်ဆည်း စွန့်လွှတ် အနစ်နာခံမှုသည် အချိန်ကာလအားဖြင့်တွက်စစ်ကြည့်လျှင် ဤကမ္ဘာမှနောက်ပြန်ရေတွက်ပါက လွန်ခဲ့သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းမှစခဲ့၏။ စွန့်လွှတ်ဖြည့်ဆည်းခဲ့ရသည့်အချိန်ကာလသည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထိတိုင်ကြာမြင့်ခဲ့သည် ဟုဆိုလိုပါ၏။ ထို့ကြောင့်ယခုလက်ရှိမိမိတို့ဆည်းကပ်ယုံကြည်ကိုးကွယ်နေသော ဗုဒ္ဓဘာသာသည် ကာလအားဖြင့် လွန်ခဲ့သော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်မှ အမြုတေအဖြစ်နှင့်စတင်တည်ရှိခဲ့၏။ စတင်ခဲ့ပုံ ဇာတ်လမ်းအကျဉ်းကားဤသို့ဖြစ်၏။

Ei kommentteja:

Lähetä kommentti